
၇ နှစ်ကြာမြင့်ပြီးနောက် ပထမဆုံး ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ပြန်လည်စတင်ခဲ့တဲ့ နာမည်ကြီး လက်တင်အဆိုတော် ရှာကီရာက ဝမ်းဗိုက်ပိုင်း နာကျင်မှုဝေဒနာနဲ့ ဆေးရုံတင်လိုက်ရကြောင်း သိရပါတယ်။
ဒါကြောင့် ပီရူးမြို့တော် လီမာမှာ ဖေဖော်ဝါရီ ၁၆ ရက် ကျင်းပဖို့စီစဉ်ထားတဲ့ ဖျော်ဖြေပွဲတခုကိုပါ ဖျက်သိမ်းလိုက်ရပါတယ်။
အသက် ၄၈ နှစ်အရွယ် ကိုလံဘီယာ အဆိုတော်က စနေနေ့ညပိုင်းမှာ အရေးပေါ်ဌာနကို သွားရောက်ခဲ့ရပြီး ကုသမှု ဆက်လက်ခံယူနေတယ်လို့ လူမှုကွန်ရက်ပေါ်မှာ အသိပေးခဲ့ပါတယ်။
“လောလောဆယ် ကျမကို ကုသပေးနေတဲ့ ဆရာဝန်တွေက ညနေပိုင်းမှာဖျော်ဖြေဖို့ အခြေအနေ မကောင်းသေးဘူးလို့ အကြောင်းကြားလာပါတယ်” လို့ ရှာကီရာက မှတ်ချက်ပေးပါတယ်။
“ဒီကနေ့ စင်ပေါ်မတက်နိုင်တာနဲ့ ပတ်သက်ပြီး အလွန်စိတ်မကောင်းဖြစ်ရပါတယ်၊ ပီရူးမှာရှိနေတဲ့ ကျမရဲ့ ပရိသတ်တွေကို ပြန်ဆုံတွေ့ခွင့်ရဖို့ မျှော်လင့်နေခဲ့တာပါ” လို့လည်း ဖြည့်စွက်ပြောပါတယ်။
အခုလအစောပိုင်းမှာ ဂရမ်မီဆုပေးပွဲအတွက် ဖျော်ဖြေခဲ့သေးတဲ့ ရှာကီရာဟာ မကြာခင် ဆေးရုံကနေဆင်းပြီး ဖျော်ဖြေပွဲတွေကို ဆက်လက်ကျင်းပနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
“အကောင်းဆုံး လက်တင်ပေါ့ပ် အယ်လ်ဘမ်” နဲ့ ဂရမ်မီဆု ရရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာတင် ရှာကီရာက သူ့ရဲ့ဖျော်ဖြေပွဲကို စတင်ခဲ့တာပါ။
သမိုင်းတလျှောက် အထင်ရှားဆုံး လက်တင်အနုပညာရှင်တွေထဲမှာ ပါဝင်တဲ့ ရှာကီရာဟာ အမေရိကတိုက်အနှံ့ နယ်လှည့်ဖျော်ဖြေဖို့အတွက် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ အစပျိုးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ရှာကီရာ တက်ရောက်နေတဲ့ ဆေးရုံအပြင်ဘက်မှာ ပရိသတ်တွေ ရာနဲ့ချီပြီး စုဝေးရောက်လာခဲ့ပါတယ်။
အခုလိုမျိုး လီမာမြို့ရဲ့ ဆေးရုံတခုမှာ စောင့်ဆိုင်းနေကြစဉ် ရှာကီရာရဲ့ ပရိသတ်တွေက သူ့နာမည်ကို အော်ဟစ်အားပေးရင်း သူ့သီချင်းတွေကိုပါ သံပြိုင်သီဆိုခဲ့ကြပါတယ်။
ဒါဟာ ရှာကီရာ အတွက် ၇ ကြိမ်မြောက် ကမ္ဘာလှည့်ဖျော်ဖြေမှု ဖြစ်သလို ဖေဖော်ဝါရီ ၁၁ ရက်ကနေ ဇွန် ၃၀ ရက်အထိ ဖျော်ဖြေပွဲပေါင်း ၅၀ လောက်ကိုလည်း ပြုလုပ်သွားဖို့ ရှိနေပါတယ်။
Source : Reuters