
ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ ကောင်းဆေးရုံရှေ့မှာ ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၃ နာရီ ၁၀ မိနစ်လောက်က ကား ၄ စီး ဆင့်တိုက်ပြီး ကျောင်းသူတယောက် သေဆုံးသွားတယ်လို့ မြို့ခံကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
တညင်းကုန်းဘက်ကနေ မောင်းနှင်လာတဲ့ ဆောက်လုပ်ရေးသုံး သံချောင်းတင် တွဲကားဟာ ကောင်းဆေးရုံရှေ့က တက္ကစီတစီး၊ အိမ်စီးကားနဲ့ လူနာတင်ယာဉ်တွေကို တိုက်မိရပ်တန့်သွားတာ ဖြစ်ပါတယ်။
ယာဉ်တိုက်မှုအတွင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ၁၂ တန်းတက်နေသူ မိန်းကလေးတယောက် တွဲကားအောက် ရောက်ရှိသွားပြီး တက်ကြိတ်ခံရတာကြောင့် ပွဲချင်းပြီး သေဆုံးသွားပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ဘရိတ်ပေါက်ပြီး ဝင်တိုက်တယ်လို့ ပြောတာပဲ။ ကလေးမလေးက ကားအောက်ထဲ ညပ်သွားတာ။ ကားသမားကလည်း သောက်ထားတယ်။ ညနေ ၄ နာရီလောက်မှ ကားအောက်ထဲက ဆွဲထုတ်နိုင်တာ။ ဒီနားက ကားကရှုပ်၊ လမ်းကကျဉ်းတော့ ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်နေတယ်” လို့ ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိစစ်ဆေးချိန်မှာတော့ တွဲကားမောင်းသူ အမျိုးသားဟာ အရက်သောက်သုံးထားတာ တွေ့ရှိရပြီး အနီးအနားနေသူတွေက ဖမ်းဆီးကာ အင်းစိန်ရဲတပ်ဖွဲ့ကို ပို့ဆောင်ပေးထားကြပါတယ်။
သေဆုံးမိန်းကလေးရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီလို့ သိရပြီး ရုပ်အလောင်းကို အင်းစိန်ဆေးရုံကြီးကို အရပ်ဘက်အဖွဲ့ယာဉ်နဲ့ ပို့ဆောင်ပေးထားပါတယ်။