
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ကကျေး ရွာအုပ်ချုပ်ရေးမှူးကို စစ်ကောင်စီက စစ်မှုထမ်းလူစုဆောင်းမပေးနိုင်တာကြောင့်ဆိုပြီး တာဝန်ကနေရပ်နားလိုက်တယ်လို့ ဒေသခံတွေ၊ အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။
တာဝန်ကနေ ရပ်ဆိုင်းခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ သဘောသပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးခိုလာတူး (ခ) ဦးရှာမွှေလှဖြစ်ပြီး မြို့နယ်အဆင့်အမိန့်နဲ့ ဇန်နဝါရီ ၂၃ ရက်ကတာဝန် ကနေရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က “အခု သူ့နေရာမှာ ကျေးရွာအုပ်စုချင်းဆက် ဇီးဖြူကုန်းအုပ်စုက အုပ်ချုပ်ရေးမှူး ဦးအေးနိုင်ကို ပူးတွဲ တာဝန်ထမ်းဆောင်ခိုင်းထားတာ။ အုပ်ကြီးလုပ်မယ့်သူ ဒီဘက်မှာမရှိဘူးဖြစ်နေတာ''လို့ ပြောပါတယ်။
ဒေသခံ တယောက်က “ပူးတွဲယူထားတဲ့ အုပ်ချုပ်ရေးမှူးသစ်က စစ်မှုထမ်းအကြောင်းပြ ပုံစံအမျိုးမျိုးနဲ့ ငွေကောက်တဲ့ နေရာမှာ ထိပ်ပဲ။ စစ်မှုထမ်းကိုလည်း အတင်းဖိအားပေး ခေါ်သူလေ။ စစ်ကောင်စီ အလိုက် အတော်လုပ်ပေးနိုင်သူပေါ့''လို့ ပြောပါတယ်။
တာဝန်ကနေ ရပ်ဆိုင်းခံရတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ အစားထိုးပူးတွဲတာဝန်ပေးတဲ့ အုပ်ချုပ်ရေးမှူးအေးနိုင်ဟာ ၂၀၂ ၄ခုနှစ် အောက်တိုဘာ ၂၃ ရက်က ဓနုဖြူမြို့နယ်မှာ အရပ်သား ၄ ယောက်ကို PDF တွေနဲ့ အဆက်သွယ်ရှိနေတယ်လို့ စွပ်စွဲပြီး စစ်တပ်နဲ့ပူးပေါင်း ဖမ်းဆီးခဲ့သူလို့ ဒေသခံတွေဆီက သိရပါတယ်။