
မွန်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ မွန်လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစုပြီး ရာမည ပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းခဲ့တယ်လို့ ဇန်နဝါရီ ၁၉ ရက်မှာ ကြေညာပါတယ်။
ဇန်နဝါရီ ၁၇ ရက်မှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD) တို့ လွတ်မြောက်နယ်မြေ တနေရာမှာ အစည်းအဝေးပြုလုပ်ပြီး “ရာမညစစ်ကြောင်း” ကို ဖွဲ့စည်းခဲ့တာပါ။
ဒေါက်တာသီရိမွန်ချမ်းက “မွန်လက်နက်ကိုင် တပ်ဖွဲ့ ၄ ဖွဲ့က တွေ့ဆုံပြီးတော့ မွန်တပ်တော် တခုတည်းဖြစ်အောင် ပူးပေါင်းကြဖို့ ဆုံးဖြတ်ချက်ချထားခဲ့တာ ရှိတယ်။ သို့သော်ငြားလည်း တပ်တတပ်တည်းဖြစ်ဖို့ စုဖွဲ့နေတဲ့အချိန်မှာကျတော့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အတူတကွ လုပ်ဆောင်ကြဖို့ သဘောတူထားတယ်။ ဗျူဟာမြောက် ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်သွားဖို့ ရာမညပူးပေါင်းစစ်ကြောင်းကို ဖွဲ့စည်းခဲ့ရခြင်းဖြစ်တယ်။ နိုင်ငံရေးအရ ညွှန်ကြားမှုကိုလိုက်နာတဲ့ စစ်ကြောင်းဖြစ်တဲ့အတွက် နိုင်ငံရေးအရလည်း ပူးပေါင်းထားတယ်လို့ ပြောလို့ရပါတယ်” လို့ ပြောပါတယ်။
ရာမညစစ်ကြောင်း ဖွဲ့စည်းပြီးတဲ့နောက် မွန်ပြည်နယ်မှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ လုပ်ဆောင်သွားပြီး စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
မွန်တပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားဖူးတာ မရှိသေးတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ စတဲ့မြို့နယ်တွေမှာလည်း ရာမညစစ်ကြောင်းက စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။
ရာမညပူးပေါင်းစစ်ကြောင်းအနေနဲ့ အနာဂတ်မှာ မွန်တော်လှန်ရေးတပ်တွေ အားလုံး ပူးပေါင်းပါဝင်တဲ့ မွန်တပ်တော်တခုတည်း ဖြစ်ပေါ်လာရေးကို ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ရာမညစစ်ကြောင်း ပြန်ကြားရေးဌာန ဒု-တာဝန်ခံ နိုင်မာဃက “အနာဂတ်မှာ မွန်တော်လှန်ရေးတပ်တွေအားလုံး ပူးပေါင်းပါဝင်တဲ့ မွန်တပ်တော်တခုတည်း ဖြစ်ပေါ်လာရေးမူကို စတင်ပြီးတော့ ပထမခြေလှမ်းအနေနဲ့ ဆောင်ရွက်ကြတာဖြစ်တယ်။ တောင်ပိုင်းတိုင်းရဲ့ တော်လှန်ရေးအတွက် အရွေ့တခုဖြစ်လာဖို့တော့ အားလုံးက မျှော်လင့်ထားတယ်။ တက်ညီလက်ညီ ကြိုးစားနေကြတယ်။ တော်လှန်ရေးအင်အားစုတွေ ပြန့်ကြဲနေကြတယ်၊ တပေါင်းတစည်းတည်း တစုတစည်းတည်း သွားနိုင်တဲ့အခါကျရင်တော့ အရှိန်အဟုန် ကောင်းလာလိမ့်မယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကလည်း ပိုပြီးထိရောက်လာလိမ့်မယ်။ တပေါင်းတစည်းတည်း သွားနိုင်ဖို့ တော်လှန်ရေးအရှိန်မြင့်နိုင်ဖို့ကို ကျနော်တို့အားလုံး တက်ညီလက်ညီနဲ့ ပူးပေါင်းဆောင်ရွက်နေ ကြပါတယ်” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က မွန်လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်းပြီး စစ်ရေးဆိုင်ရာနဲ့ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေ အတူတကွ လုပ်ဆောင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
မွန်ပြည်လူထုအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံရပ်တည်ပြီး မွန်လူငယ်တွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်ကြဖို့ ရာမညပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။
သီရိ