Home
နိုင်ငံတကာ
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းနှင့် ဇနီးတို့ကို ထောင်ဒဏ်များ ချမှတ်
DVB
·
January 17, 2025
Photo : Reuters

ပါကစ္စတန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းနဲ့ သူ့ဇနီး ဘွတ်ရှ်ရာ ဘီဘီကို ပေါင် သန်း ၁၉၀ တန် အယ်လ်-ကာဒီယာ တက္ကသိုလ်ရန်ပုံငွေ အဂတိလိုက်စားမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ပါကစ္စတန်တရားရုံးက  ဇန်နဝါရီ ၁၇ ရက်မှာ ထောင်ဒဏ် ၁၄ နှစ်နဲ့ ၇ နှစ် အသီးသီး ချမှတ်ခဲ့ပါတယ်။

ထောင်ဒဏ်အပြင် အင်မရန်ခန်းကို ဒဏ်ငွေ ရူပီး ၁ သန်းနဲ့ ဘွတ်ရှ်ရာဘီဘီကို ရူပီး ၁ သန်းခွဲ ဒဏ်ရိုက်ခဲ့ပါတယ်။

ဒဏ်ကြေးပေးဆောင်ဖို့ ပျက်ကွက်ရင် အင်မရန်ခန်း အတွက် နောက်ထပ် ထောင်ဒဏ် ၆ လနဲ့ ဘီဘီ အတွက် ထောင်ဒဏ် ၃ လ ကျခံရမှာဖြစ်ပါတယ်။ တရားရုံးဟာ သူတို့တည်ထောင်ထားတဲ့ အယ်လ်-ကာဒီယာ တက္ကသိုလ်မြေကို သိမ်းယူဖို့လည်း အမိန့်ပေးခဲ့ပါတယ်။

ဒီစီရင်ချက်ကို ရာဝယ်လ်ပင်ဒီ မြို့စောင့်တပ်ရှိ အာဒိလ အကျဉ်းထောင်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တရားရုံးက တရားသူကြီး နာစီယာ ဂျာဗဒ် ရာနာက ကြေညာခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ စီရင်ချက်က တရားစီရင်ရေးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး ​​ဒီအမှုကိစ္စမှာ သူလည်း အကျိုးစီးပွား မဖြစ်ထွန်းသလို အစိုးရလည်း ဆုံးရှုံးတာ မရှိကြောင်းနဲ့ ဒီအမှု ပြေလည်စေဖို့ သက်သာရာ သက်သာကြောင်း လုပ်မှာမဟုတ်ဘဲ ကိစ္စတိုင်းကို ရင်ဆိုင်သွားမှာဖြစ်တယ်” လို့ ခန်းက ပြောကြားခဲ့ကြောင်း သူ့ရဲ့ပါတီက ကိုးကားဖော်ပြခဲ့ပါတယ်။

အစိုးရနဲ့ ခန်းရဲ့ PTI ပါတီတို့ ဆွေးနွေးမှုတွေအကြားမှာ ဒီစီရင်ချက် ကြေညာမှုကို ၃ ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပါတယ်။

ဘီဘီကို တရားရုံးက ဖမ်းဆီးချိန်မှာ အင်မရန်ခန်းဟာ ရာဝယ်လ်ပင်ဒီ အကျဉ်းထောင်မှာ ၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက အကျဉ်းချခံထားရတာ ဖြစ်ပါတယ်။

အင်မရန်ခန်းဟာ ၂၀၂၂ ခုနှစ်မှာ ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်ပြီးနောက် အမှုပေါင်း ဒါဇင်များစွာနဲ့ ရင်ဆိုင်နေရတာပါ။

အသက် ၇၂ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ဇနီးတို့ကို အင်မရန်ခန်းရဲ့ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဝန်ကြီးချုပ်ရာထူးသက်တမ်းအတွင်းမှာ အိမ်ခြံမြေအကျိုးဆောင်တယောက်က လက်ဆောင်ပေးခဲ့ပြီး တရားမ၀င် အခွင့်အရေး ပေးခြင်းတွေနဲ့ အလဲအလှယ်လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

ခန်း ဇနီးမောင်နှံ ၂ ယောက်လုံးကတော့ အပြစ်မရှိကြောင်း ၀န်ခံချေပခဲ့ပါတယ်။ ဒီအမှုမှာ မြေပိုင်ရှင်သူဌေးကြီး အပါအဝင် ကျန်သူတွေက ပြည်ပကို ထွက်ခွာသွားကြတာကြောင့် အင်မရန်ခန်းတို့ ဇနီးမောင်နှံပဲ တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024