
ရန်ကုန်ကနေ ချောင်းသာကိုအပန်းဖြေခရီးထွက်ဖို့အတွက် ဝယ်ယူထားတဲ့လက်မှတ်တွေကို ပြန်ရောင်းချနေကြတယ်လို့ သိရပါတယ်။
အခုချိန်ဟာ ရန်ကုန်ကနေ ချောင်းသာကိုအပန်းဖြေခရီးထွက်သူ အလွန်များတဲ့ကာလဖြစ်ပေမယ့် တိုက်ပွဲအခြေအနေတွေနဲ့ စစ်ကောင်စီဂိတ်တွေရဲ့ အစစ်အဆေးတင်းကြပ်မှု အခြေအနေတွေကြောင့် ကားလက်မှတ်ကြိုတင်ဝယ်ယူထားသူတွေ၊ ဟိုတယ်ကြိုတင်ဘိုကင် တင်ထားသူတွေဟာ မူရင်းပေါက်ဈေးရဲ့ တဝက်လောက်အထိလျှော့ပြီး ပြန်ရောင်းနေကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ခံတယောက်က “တိုက်ပွဲတွေဖြစ်နေတယ်ဆိုတာလည်း ကြားရတယ်။ စစ်တပ်ဂိတ်တွေက ဖြတ်သန်းခွင့်မမပေးတော့ဘူးဆိုရင် ဒုက္ခများမှာစိုးလို့ မသွားဖြစ်တော့တာ။ ၃ ယောက်စာ ပက်ကေ့ခ်ျ ၃ သိန်းတန်ကို ၁ သိန်းခွဲနဲ့ပြန်ရောင်းနေတာတောင် ဝယ်မယ့်သူ မရှိဘူးဖြစ်နေတာ” လို့ ပြောပါတယ်။
လတ်တလောမှာ ချောင်းသာကနေ ကားနဲ့ဆိုရင် မောင်းချိန် ၄ နာရီကျော်ပဲ ဝေးတဲ့နေရာမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ချောင်းသာကိုအပန်းဖြေခရီးအဖြစ် အလည်မသွားတာ အကောင်းဆုံးပဲလို့ ဒေသခံတွေက အကြံပြုပါတယ်။
ချောင်းသာဟာ စိုးရိမ်ရလောက်တဲ့အနေအထား မဟုတ်သေးပေမယ့် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်ပလာနိုင်တာကြောင့် ကြိုတင်ရွှေ့ပြောင်းသူတွေတော့ရှိတယ်လို့ ချောင်းသာဒေသခံတယောက်က ပြောပါတယ်။
“တချို့တော့ ကြိုရှောင်တာတွေရှိတယ်။ ဒီကမ်းခြေကိုအမှီပြုဈေးရောင်းတဲ့လူတွေကတော့ ဖြစ်ကာမှဖြစ်ရော၊ မရှောင်နိုင်ကြဘူး။ ဟိုတယ်၊ တည်းခိုခန်းတွေပိတ်တယ်ဆိုတာမျိုးတော့ မကြားမိဘူး။ ဧည့်သည်အဝင်နည်းတာတော့ရှိတယ်”
စစ်ကောင်စီဟာ ချောင်းသာကမ်းခြေစည်ကားစေဖို့အတွက် ဟိုတယ်နဲ့ဈေးဆိုင်တွေဖွင့်ထားဖို့ အမိန့်ထုတ်ဖိအားပေးနေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။
ချောင်းသာနဲ့ မိုင်နည်းနည်းပဲဝေးတဲ့ ငွေဆောင်ကမ်းခြေကိုသွားဖို့ လတ်တလော စီစဉ်ထားသူတွေဟာလည်း ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာတွေရှိတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့ကို အာရက္ခတပ်တော်(AA)နဲ့ပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ဂွမြို့နဲ့အနီးဆုံး ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့မှာ ခံစစ်ပြင်ထားခဲ့ပြီး အဲဒီက မကျီးဇင်ရွာကို AA က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
လက်ရှိမှာတော့ ရွှေသောင်ယံကို စစ်ကောင်စီကလည်း အင်အားထပ်ဖြည့်နေပြီး ချောင်းသာကမ်းခြေဟာ ရွှေသောင်ယံနဲ့ ၈ မိုင်လောက်ပဲ ကွာဝေးပါတယ်။