
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ရထားတွေပေါ်မှာ ခါးပိုက်ခံရမှုတွေ ပိုများလာတယ်လို့ ရထားစီးနင်းသူတွေက ပြောပါတယ်။
ခါးပိုက်အနှိုက်ခံရချိန် အများစုဟာ ညနေပိုင်းတွေဖြစ်ပြီး ရန်ကုန်ဘူတာကြီးကနေ အင်းစိန်-လှော်ကားလမ်းပိုင်းနဲ့ ရန်ကုန်ဘူတာကြီးမှ မင်္ဂလာဒုံ-အင်းစိန် လမ်းပိုင်းတွေမှာ ဖုန်းနဲ့ ပိုက်ဆံအိတ် ခိုးယူခံရတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၉ ရက်က စတင်ပြေးဆွဲတဲ့ အလိုအလျောက် တံခါးစနစ်ပါဝင်တဲ့ စပိန်ရထားတွဲသစ်ဟာ တဘူတာနဲ့ တဘူတာကို ၂ မိနစ်နဲ့ ၂ မိနစ်ခွဲကြားလောက်သာ ကြာမြင့်ပြီး တံခါးဖွင့်မောင်းနှင်တဲ့ ဂျပန်တွဲဟောင်း RBE ကတော့ ၃ မိနစ်ကျော်အထိ ကြာမြင့်ပါတယ်။
ခါးပိုက်နှိုက်ခံရသူတွေဟာ ခရီးစဉ်ကြာကြာ စီးနင်းလေ့ရှိတဲ့ ခရီးသည်တွေ ဖြစ်နေပြီး ညနေပိုင်း အိမ်ပြန်ချိန် လူစုပြုံတိုးဝှေ့နေရင်း ခိုးယူခံရတာပါ။
ရထားစီးခရီးသည်တယောက်က “Redmi Turbo ဖုန်းတလုံး၊ ပိုက်ဆံ ၃၀၀၀၀ ကျော်ပါတဲ့အိတ် အနှိုက်ခံလိုက်ရတာ။ ကျပျောက်တာ မဟုတ်ပါဘူး။ ဇစ်နဲ့အိတ်ကို ခွဲသွားတာ။ ပုံမှန်ဆို ရထားပေါ်က ခါးပိုက်နှိုက်ကို မရှိဘူး။ YBS လို မဟုတ်တော့ ဒီလိုပဲ ပေါ့လိုက်တာ။ ၃ ရက်နေ့က ပါသွားတာ။ အဲကွန်းရထားပေါ်မှာပဲ” လို့ ပြောပါတယ်။
ရထားတစီးမှာ လက်နက်ကိုင် တွဲစောင့်ရဲ ၃ ယောက်ထက်မနည်း ပါဝင်နေတာ တွေ့ရပေမဲ့ တွဲနောက်ဆုံးထိုင်ခုံမှာသာ ထိုင်နေလေ့ရှိပြီး ကုန်စိမ်းတင် RBE တွဲဟောင်းတွေပေါ်မှာတော့ ဈေးသည်တွေရဲ့ ပစ္စည်းတင်ဆောင်မှုတွေကို ချလံမဖြတ်ဘဲ ငွေကြေး လိုက်လံတောင်းယူနေတယ်လို့ သိရပါတယ်။