
ထိုင်းနိုင်ငံ၊ ဆုန်ခလာခရိုင်ကနေ အေးခဲထားတဲ့ ပုစွန် ၂၄ တန်ကို တင်ဆောင်လာတဲ့ရ ထားတစင်းဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့ကို သောကြာနေ့က ရောက်လာပါတယ်။
တရုတ်-လာအို မီးရထားလုပ်ငန်းရဲ့ လန်ချန်း မဲခေါင် အမြန်ချောပို့ ဝန်ဆောင်မှုကတဆင့် အေးခဲရေထွက်ကုန်တွေ သယ်ယူပို့ဆောင်ရေး စတင်ခြင်းအထိမ်းအမှတ်လည်း ဖြစ်ပါတယ်။
ပုစွန်တွေကို နွေဦးပွဲတော်အတွက် နိုင်ငံတဝန်းက စားသုံးသူတွေဆီမရောင်းမီ ဒေသန္တရ အေးခဲ စားသောက်ကုန် ကွင်းဆက်ပို့ဆောင်ရေးစင်တာမှာ အရည်အသွေးနဲ့ ဘေးကင်းလုံခြုံရေးကို တင်းတင်းကျပ်ကျပ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ပုစွန်တင်ပို့မှုဟာ သယ်ယူပို့ဆောင်ရေးခရီးစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ကုန်းလမ်းကုန်စည်ပို့ဆောင်မှုကို သုံးခဲ့တာလို့ ယူနန်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးရထားလုပ်ငန်းခွဲရဲ့ အထွေထွေမန်နေဂျာ လူချန်းက ပြောပါတယ်။
သမားရိုးကျ ပင်လယ်နဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးတို့နဲ့ နှိုင်းယှဉ်ရင် ဒီ ရထားလမ်းသယ်ယူပို့ဆောင်ရေးက ၁၄ ရက်လောက် သက်သာနိုင်ပြီး သယ်ယူပို့ဆောင်ရေးစရိတ်တွေကို ထိထိရောက်ရောက် လျှော့ချနိုင်သလို ထောက်ပံ့ပို့ဆောင်ရေး ထိရောက်မှုကို မြှင့်တင်နိုင်တယ်လို့ သူက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှာ တရုတ်-လာအို ရထားလမ်း အပြည့်အဝ လည်ပတ်ပြီးချိန်ကစပြီး နယ်စပ်ဖြတ်ကျော် ကုန်စည်တန်ချိန် ၁၁ ဒသမ ၅၈ သန်း အပါအဝင် စုစုပေါင်း ကုန်တင်ကုန်ချ တန်ချိန် သန်း ၅၀ ကျော် ရှိလာခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အရေးအကြီးဆုံးရိုးရာပွဲတော်ဖြစ်တဲ့ နှစ်သစ်ကူးနွေဦးပွဲတော်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့မှာ ကျရောက်မှာ ဖြစ်ပါတယ်။
Source: Reuters