
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီဘက်က ၇ ယောက်ထက်မနည်းသေဆုံးပြီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၃ ရက် ညနေပိုင်းက ငါန်းဇွန်မြို့ပေါ် စက်မှုဇုန်ကနေ အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေတောင်အောက်ရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။
ဒေသခံတယောက်က “ငါန်းဇွန်မြို့စက်မှုဇုန်ထဲကနေ ကျနော်တို့ တောင်အောက်ရွာအထိ ဖောကား ၂ စီးနဲ့ စစ်သားနဲ့ပျူစောထီး အယောက် ၆၀ လောက်တင်ပြီး ကျနော်တို့ရွာအနီးကို ချတယ်ဗျ။ စစ်သားတွေကားပေါ်ကနေ ဆင်းသွာပြီးသိပ်မကြာလိုက်ဘူးရယ် တိုက်ပွဲက စဖြစ်တယ်ဗျ။ သူတို့ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်သေတာကတော့မသိဘူး။ စစ်တပ်က ရွာကိုမီးရှို့မှာတော့ စိတ်ပူမိတယ်ဗျ။ စစ်တပ်က တိုက်ပွဲဖြစ်ပြီး စစ်ရှုံးတယ်ဆိုရင် အဲဒီတိုက်ပွဲဖြစ်တဲ့နေရာအနီးကကျေးရွာကို ဆိုင်ဆိုင် မဆိုင်ဆိုင် သူတို့စစ်ရှုံးတယ်ဆိုရင် ရွာကိုမီးရှို့တော့တာပါပဲ။ အဲဒါကြောင့် ရွာကိုမီးရှို့ခံရမှာ စိုးရိမ်မိတယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဟာ တောင်အောက်ရွာ အရှေ့တောင်ဘက်ကို တပ်ဆုတ်သွားပြီး စစ်ကြောင်းပါပျောက်သွားတာကြောင့် တော်လှန်ရေးအဖွဲ့တွေက လိုက်လံရှာဖွေ နေတယ်လို့လည်း သိရပါတယ်။
မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ကိုသက်ကြီးက “ကျနော်တို့ စစ်(-)+ပျူ(-) တွေ စစ်ကြောင်းထွက်လာတာကိုသိလို့ နေရာကောင်းတဲ့ တောင်ကုန်းပေါ်ကနေ နေရာအသင့်ယူပြီး လက်ဦးမှုနဲ့ တိုက်ပွဲစဖြစ်ခဲ့တာပါဗျ။ စစ်တပ်ကတော့ နေရာတင် ၇ ဦးထက်မနည်းသေဆုံးပြီး တပ်နောက်ဆုတ်သွားတယ်ဗျ။ တိုက်ပွဲက ၄၅ မိနစ်လောက်ကြာတယ်။ တိုက်ပွဲဖြစ်တဲ့ ၂ ဖက် အကွာအဝေးကတော့ မီတာ ၁၅၀ လောက်ပဲ။ ကျနော်တို့ ၂၀၂၅ ခုနှစ်အတွင်း စစ်(-)တွေအမြစ်ပြတ်ပြီး တော်လှန်ရေး အောင်နိုင်ဖို့ ဒီထက်မက တိုက်ပွဲတွေများများဖော်ဆောင်ရအောင် ‘အညာသားတွေ တီးမဲ့ဗျော’Campaign လည်း ပြုလုပ်ထားပါတယ်။ ပါဝင်ကူညီပေးနိုင်ဖို့ တဆက်တည်းပြောပါရစေ” လို့ DVB ကို ပြောပါတယ်။
အခုတိုက်ပွဲကို မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ပြီး မြင်းခြံခရိုင် တပ်ရင်း ၇ ရဲ့ ကော်လံ ၂၊ မြင်းခြံခရိုင် တပ်ရင်း ၆၊ ငါန်းဇွန် ပကဖနဲ့ နယ်မြေခံပကဖတွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တောင်ပိုင်း ဇီတောရွာနားမှာ ဇန်နဝါရီ ၃ ရက် နေ့ခင်း ၁ နာရီ ကျော်လောက်က စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲပြီးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘုတလင်မြို့ကနေ ခြေလျင်ထွက်လာတဲ့စစ်ကြောင်းကို နမခတပ်အတွင်းကနေ ကား ၄ စီးနဲ့ လာကြိုရင်း အခုလို မိုင်းဆွဲပစ်ခတ်ခံရတာလို့လည်း သိရပါတယ်။
ဇီးတောရွာဒေသခံတယောက်က “စစ်ကြောင်းက ဘုတလင်မြို့ကနေ မနက်ခင်း ၇ နာရီကျော်ကနေ ခြေလျင်စထွက်လာတာ။ အဲဒီ ခြေလျင်စစ်ကြောင်း ဇီးတောရွာကိုရောက်တော့ နမခ စစ်တပ်ကနေ ကား ၄ စီးနဲ့လာကြိုတယ်။ သူတို့ ကား ၄ စီးနဲ့ နမခဘက်ပြန်သွားတဲ့အခါ စေတနာ စက်သုံးဆီ ပန့်ဆိုင်အနီးမှာ ပထမဆုံးမိုင်းဆွဲခံရတာ။ မိုင်းဆွဲခံရပြီး ၂ ဖက် အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ကြတယ်” လို့ ပြောပါတယ်။
ဒေသခံရွာသားတွေကတော့ ဘုတလင်မြို့ကနေ စစ်ကြောင်းထွက်လာပြီဆိုကတည်းက ရွာထဲကနေ ထွက်ပြီး စစ်ကြောင်းရှောင်နေခဲ့ရတယ်လို့ ဆက်ပြောပါတယ်။
ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ခေါင်းဆောင်တယောက်က “ကျနော်တို့ ကြိုတင်ပြင်ဆင်ချိန်လေးက ခဏလေးပဲရလိုက်တယ်။ သူတို့ ဇီးတောရွာကနေ ကားနဲ့ထွက်လာပြီး ကျနော်တို့ ဘုတလင်-မုံရွာသွား ကားလမ်းမပေါ်က တန်ပိုဂိတ်အနီးကနေ စောင့်တိုက်ခိုက်ခဲ့တာ။ စစ်တပ်ကတော့ အထိခိုက်အကျဆုံးတော့ရှိမယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်တော့ မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဘုတလင်မြို့နယ်အတွင်းက တော်လှန်ရေးတပ်ပေါင်းစုနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။