
တရုတ်ရှန်ကျိုး-၁၉ အာကာသခရီးစဉ်နဲ့ လိုက်ပါသွားတဲ့ အာကာသယာဉ်မှူး ၂ ယောက်ဟာ တဆက်တစပ်တည်း အာကာသတွင်းလမ်းလျှောက်မှု ၉ နာရီ၊ ၆ မိနစ်နဲ့ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ကမ္ဘာပတ်လမ်းထဲမှာရှိတဲ့ ကောင်းကင်နန်းတော်လို့ အဓိပ္ပာယ်ရတဲ့ တရုတ်ပိုင် တျန်ကုန်း အာကာသစခန်း အပြင်ဘက်ထွက်ပြီး ပြင်ဆင်၊ စစ်ဆေးမှုတွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။
အာကာသလမ်းလျှောက်မှု (spacewalk) လို့ အလွယ်ခေါ်ကြပေမဲ့ သိပ္ပံအသုံးအနှုန်းအားဖြင့် အာကသယာဉ်ပြင်ပထွက်ပြီး လှုပ်ရှားမှု (extravehicular activities - EVA) လို့ ခေါ်ဝေါပါတယ်။
တရုတ်အာကာသယာဉ်မှူး ချိုင်ချူကျိနဲ့ စုန်လိတောင် တို့ဟာ အမေရိကန်အာကာသယာဉ်မှူးတွေ ၂၀၀၁ ခုနှစ်က အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) ပြင်ပထွက်လှုပ်ရှားခဲ့တဲ့ တဆက်တစပ်တည်း ကြာချိန် ၈ နာရီ ၅၆ မိနစ် စံချိန်ကို ချိုးဖြတ်ခဲ့တာဖြစ်ပါတယ်။
သူတို့ ၂ ယောက်ဟာ အာကာသစခန်း အမှုန်အမွှားကာကွယ်ရေး ကိရိယာတပ်ဆင်မှု ပြုလုပ်ခဲ့သလို ယာဉ်ပြင်ပ အာကာသတွင်း စမ်းသပ်မှုတွေပါ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်ကို အမေရိကန်က နိုင်ငံတကာအာကာသစခန်း (ISS) ကနေ နှင်ထုတ်ခဲ့ပြီးတဲ့နောက်မှာ တရုတ်ဟာ ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။
Source : Reuters