
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တလျှောက်မှာ ညပိုင်းစျေးရောင်းချနေတဲ့ ဈေးသည်တွေအတွက် လက်ရှိနေရာတွေမှာ ရောင်းချခြင်း ခွင့်မပြုတော့ဘဲ ဂေါက်ကွင်းသွား လမ်းတလျှောက်မှာ ညစျေး (Night Market) ဖွင့်လှစ်ပေးသွားဖို့ ရှိတယ်လို့ ပျံကျစျေးရောင်းချနေသူတွေထံက သိရပါတယ်။
တာချီလိတ်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၁ ရက်က ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့စဥ် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က အခုလို ပြောကြားခဲ့တာလို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
"အဓိက ကတော့ မိန်းလမ်းမကြီးပေါ်မှာ ယာဉ်ကြော မပိတ်ဆို့အောင်ရယ် ဈေးသည်တွေ အနေအထား ကောင်းအောင်ရယ် စီစဉ်တဲ့သဘောပါ။ ဂေါက်ကွင်းသွားတဲ့လမ်းတလျှောက်မှာ ညစျေးဖွင့်လှစ်ဖို့ လျာထားတဲ့သဘောပါ။ အတည်တော့မပြုရသေးပါဘူး။ ဖြစ်ဖို့တော့များ ပါတယ်။"
ညဈေးဖော်ဆောင်ဖို့အတွက် လက်ရှိမှာ ရွှေမြန်မာဟိုတယ်ရှေ့ရှိ ဂေါက်ကွင်းလမ်းအစကနေ ဂေါက်ကွင်းလမ်းအဆုံးရှိ မုခ်ဦးအနီးဝန်းကျင်အထိ လျာထားပြီး ကား/ဆိုင်ကယ်ရပ်နားရေး အပါအဝင် ဈေးရောင်းချမယ့်နေရာ သတ်မှတ်ရေးစတဲ့ကိစ္စတွေကို ဆက်လက် ဆွေးနွေးပြီးမှသာ အတည်ပြုသွားမှာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။
ဒါ့အပြင် ဂေါက်ကွင်းလမ်းတလျှောက်ကို ညဈေးအဖြစ် အတည်ပြုပြီးပါက ဈေးရောင်းချချိန်ကို အကြမ်းအားဖြင့် ညနေ ၄ နာရီ ဝန်းကျင်ကနေ ည ၁၂ နာရီဝန်းကျင်အထိ လျာထားကြောင်း သိရပါတယ်။
တာချီလိတ်မြို့ရှိ ညဈေးရောင်းချမှုအများဆုံးဖြစ်တဲ့ ရှမ်းရိုးမကွင်းရှေ့ ရှိ ဈေးသည်တွေ အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက်ရှိ ပျံကျဈေးသည်တွေအားလုံးအနေနဲ့ ညဈေးနေရာအသစ်မှာ ပြောင်းရွှေ့ရောင်းချစေမှာဖြစ်ပြီး နေရာဟောင်းမှာ လုံးဝ ရောင်းချခွင့်ပြုမှာ မဟုတ်တော့ကြောင်း တာချီလိတ်စည်ပင်သာယာရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။