
မကွေးတိုင်း၊ ငဖဲမြို့၊ ဂုတ်ကြီးကျေးရွာအနီး တောရဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အယောက် ၂၀ ကို နိုဝင်ဘာ ၂၅ ရက်က တိုက်ခိုက်နိုင်ခဲ့တယ်လို့ CDF-ASHO ရဲ့ တာဝန်ခံ ဆလိုင်းရိုးချင်းက ပြောပါတယ်။
အဆိုပါတပ်သား အယောက် ၂၀ ဟာ ရခိုင်ပြည်နယ် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကူပို့ဖို့ လာမယ့်ယာဉ်တန်းကို လုံခြုံရေးယူပေးဖို့ ခွန်ဇူရွာလမ်းခွဲကို ရောက်လာချိန် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
CDF-ASHO ရဲ့ တာဝန်ခံ ဆလိုင်းရိုးချင်းက “စစ်ကူလာတဲ့ ကားတွေတော့ ပုံမှန်အတိုင်းပဲ သွားပါလိမ့်မယ်။ စစ်ဆင်ရေး အခြေအနေကြောင့် ထပ်တက်လာမယ့်ကားတွေတော့ လျော့နည်းသွားပါတယ်ဗျ။ လက်ရှိ စစ်ရေးအခြေအနေကတော့ ပုံမှန်ပါ” ပဲလို့ ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် ပွဲချင်းပြီးသေဆုံးသလို ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း များပြားကာ လက်နက်၊ စစ်အသုံးအဆောင် ပစ္စည်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ထံကနေ MA1 တလက်၊ ကျောပိုးအိတ်တလုံး၊ တပ်မ ၈၈ တံဆိပ်ပါ စစ်ဝတ်စုံတထည်၊ စစ်ဝတ်စုံတချို့တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
CDF-ASHO အနေနဲ့ အမ်းကိုစစ်ကူပို့မယ့် ယာဉ်တန်းတွေကို မကြာခဏ ဖြတ်တောက် တိုက်ခိုက်နေသလို အမ်းကနေ ထွက်ပြေးလာတဲ့ စစ်သားတွေကိုလည်း CDF Asho နယ်မြေအတွင်း လိုက်လံဖမ်းဆီးနေပါတယ်။