
လူသတ်မှုကျူးလွန်ဖို့နဲ့ ဖောက်ခွဲရေးပစ္စည်းတွေသုံးပြီး တိုက်ခိုက်ဖို့ရည်ရွယ်ပြီး ဆွီဒင်နဲ့ ဒိန်းမတ် ဆယ်ကျော်သက်တွေကို စုဆောင်းနေတဲ့ စပိန်အရှေ့ပိုင်း အလီကန်တေမြို့က ဂိုဏ်းအဖွဲ့တခုကို စပိန်ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီးခဲ့လို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။
နိုဝင်ဘာလအစောပိုင်းက ဖမ်းခဲ့တာဖြစ်ပြီး ဆွီဒင်လူမျိုး လက်ထပ်ထားတဲ့ စုံတွဲတတွဲနဲ့ သူတို့ရဲ့ ၁၅ နှစ်အရွယ် လူငယ်တယောက်ဟာ ကလေးတွေကို စာတိုပေးပို့တဲ့ အပလီကေးရှင်းကို သုံးပြီး ခေါ်ယူတာ၊ လူသတ်ဖို့ တာဝန်ပေးတာ၊ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ရောင်းဝယ် ဖောက်ကားတာနဲ့ ငွေကြေးခဝါချတာတို့ ပါဝင်ကျူးလွန်ခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
အသက် ၁၅ နှစ်အရွယ် လူငယ်တယောက်ဟာ တခြားဆယ်ကျော်သက်တွေကို စုဆောင်းတာနဲ့ ငွေပေးချေတာတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆိုင်ကယ်သမား ဂိုဏ်းဝင်တယောက်ကို သတ်ဖို့ ရည်ရွယ်ထားတဲ့ ဆွီဒင် ဆယ်ကျော်သက် တယောက်ကိုလည်း ရဲတပ်ဖွဲ့က မာလာဂါမြို့နားက ဘေနယ်မာဒေနာမြို့မှာ မေလတုန်းက ဖမ်းဆီးခဲ့ပြီးနောက် ဒီအဖွဲ့အစည်းကို စပြီး စုံစမ်းစစ်ဆေးခဲ့ပါတယ်။
ဆွီဒင်နိုင်ငံသား ဦးဆောင်တဲ့ အဖွဲ့အစည်းကတဆင့် ပြိုင်ဘက်ဂိုဏ်းတခုကနေ ငှားရမ်းခံရသူ ဖြစ်နေခဲ့တာကို ရဲတပ်ဖွဲ့က သိခဲ့ရတယ်လို့ ဆိုပါတယ်။
ဆယ်ကျော်သက်လူငယ်ကို ချေမှုန်းရေးရိုင်ဖယ်တလက်၊ လျှပ်စစ်စကူတာဆိုင်ကယ်တစီးနဲ့ ထွက်ပြေးဖို့ အစီအစဉ်နဲ့အတူ လူသတ်ဖို့ လွှတ်လိုက်တာ ဖြစ်ပေမဲ့ လူမသတ်ရသေးခင် သူဟာ ဖမ်းဆီးခံခဲ့ရပါတယ်။
Source: Reuters