ပဲခူးတိုင်း၊ ပြည်မြို့၊ ရွှေဆံတော်ဘုရားပွဲတော်ကို ဘောလုံးကွင်းထဲမှာ ကျင်းပမှာနေတာဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်၊ ည ၆နာရီခွဲကျော်လောက်က “ကျော်သူမိုး” အပျော်စီးပင်လယ်ဓားပြလှေရဲ့ အတက်လှေကားစင် ပြိုကျလို့ ကလေး ၂ ဦးအပါအဝင် လူ ၄ ဦး ပွန်းပဲ့ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
ပြည်ရွှေဆံတော်ဘုရားပွဲတော်ဟာ ဆံတော်စေတီတော်မြတ်ကြီးရဲ့ စွယ်တော်တိုက်ထဲက ဗုဒ္ဓစွယ်တော်ကို ၁၂၅ ကြိမ်မြောက် ဖွင့်လှစ်ပူဇော်ပွဲလည်း ဖြစ်ပါတယ်။
မြို့ခံအရပ်ဖက်အသင်းဝင်တဦးက “လှေကားထစ်က အထစ် ၂၀ လောက်ရှိမယ်။ ပင်လယ်ဓားပြလှေကို တက်တဲ့နေရာက စကျိုးတာ။ လက်မှတ်က အောက်က မကောက်ဘဲ အပေါ်မှာ ဖြတ်ပေးတော့ လူတွေ တက်ရင်း ဝိတ်နဲ့ ကျိုးကျတာ။ ကလေး ၂ ဦးတော့ ခြေထောက်နာသွားတယ်။ ကျန်အမျိုးသမီး ၂ ဦးက ပွန်းပဲ့ရုံလောက်ပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီခွင့်ပြုချက်နဲ့ ဂေါပကအဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့ကတည်းက စတင်ကျင်းပနေခဲ့တာဖြစ်ပြီး ဒီဂျေပွဲ၊ စတိတ်ရှိုး၊ တိရစ္ဆာန်ပြပွဲတွေအပြင် စွမ်းဇာနည် ကပြမယ့် ဇာတ်သဘင်တွေပါ ထည့်သွင်းကျင်းပနေတာပါ။
လှေကားကျိုးကျ ဒဏ်ရာရသူတွေကို အရပ်ဘက်အသင်းတွေက ကူညီကုသပေးခဲ့တယ်လို့ သိရပြီး အဆိုပါအတက်ခုံ ပြင်ဆင်ပြီးတဲ့အထိ အပျော်စီးပင်လယ်ဓားပြလှေကို ရပ်နားထားမယ်လို့ သိရပါတယ်။