
ရန်ကုန်၊ လှည်းကူးမြို့နယ်၊ အမှတ် ၃ လမ်းမနဲ့ အမှတ် ၇ လမ်းမကို ချိတ်ဆက်ထားတဲ့ လမ်းမှာ အောက်တိုဘာ ၂ ရက် မနက် ၁၁ နာရီလောက်က ဆိုင်ကယ်တစီး မြောင်းထဲပြုတ်ကျခဲ့လို့ လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
လှည်းကူးမြို့မစခန်းက ရဲတပ်ဖွဲ့ဝင် အသက် ၃၀ အရွယ် ကိုမျိုးခိုင်နဲ့ ကယ်ရီမောင်းသူ အမျိုးသားတယောက်တို့ဟာ အမှတ် ၃ လမ်းမပေါ်ရှိ စစ်ကောင်စီ လုံခြုံရေးဂိတ်ကို ဦးတည်မောင်းနှင်လာရင်း အသစ်ဆောက်လုပ်ထားတဲ့ ရေနုတ်မြောင်းခုံကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
မြို့ခံကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “နှစ်ယောက်စလုံး ဦးထုပ်မပါဘူး။ အဲဒီမြောင်းက အသစ်ပြန်တူးထားတာ။ မြောင်းခုံက ကျယ်တယ်။ မိုးကလည်း သည်းနေတော့ မမြင်လိုက်ဘူး ထင်ပါတယ်။ ဆိုင်ကယ်အရှိန်လွန်ပြီး မြောင်းခုံနဲ့ရိုက်မိပြီး အရောင်ပြောင်း(သေဆုံး) နေပါပြီ။ မှောက်ခုံအနေအထားနဲ့ပါ။ လှည်းကူးဆေးရုံပဲ ပို့ပေးထားပါတယ်။ လမ်းသွားလမ်းလာတွေက ဖုန်းဆက်ပြောလို့ သိတာပါ” လို့ ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာတော့ ကယ်ရီသမားမှာ ရင်ဘတ်စုတ်ပြဲ သွေးထွက်ဒဏ်ရာ၊ ရဲတပ်ဖွဲ့ဝင် မျိုးခိုင်မှာ ဘယ်ဘက်ဦးခေါင်း ထိခိုက်မိထားပြီး နားနဲ့ နှာခေါင်း သွေးထွက်ဒဏ်ရာတွေနဲ့ ပွဲချင်းပြီးသေဆုံးနေပါတယ်။
သေဆုံးရုပ်အလောင်းတွေကို အရပ်ဖက်အသင်းယာဉ်နဲ့ လှည်းကူးမြို့နယ်ဆေးရုံ ရင်ခွဲဌာနကို ပို့ဆောင်ပေးထားကြပါတယ်။