
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ အရှေ့ရေပြားတောကျေးရွာအနီးက ချောင်းအတွင်း ဖြတ်ကူးတဲ့ မော်တော်ယာဥ်တစီး အောက်တိုဘာ ၁ ရက်က တောင်ကျချောင်းရေနဲ့ မျောပါသွားတာကြောင့် ကားမောင်းလာတဲ့ စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီးတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်ကျရေတဲ့မျောပါသွားတဲ့ မော်တော်ယာဥ်ဟာ တိုယိုတာပရိုဘောက်ကားအမျိုးအစားဖြစ်ကာ အောက်တိုဘာ ၁ ရက်ည ၇ နာရီ၀န်းကျင်မှာ ကျောက်ဆည်မြို့နယ် ဆင်မင်းဘိလပ်မြေစက်ရုံအနီးက တောင်ကျချောင်းအတွင်း တောင်ကျရေနဲ့မျောပါသွားတာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “မြင်တဲ့သူတွေကတော့ အဲဒီကားက ရေကျော်ထဲမှာ ရေရှိနေတာကို ဖြတ်ကူးတာလို့ ပြောကြတယ်။ ချောင်းလယ်ကောင်လောက်မှာ သဲနစ်ပြီး ကားစက်ရပ်သွားလို့ ဒီဘက်ကမ်းပေါ် မရောက်တော့ဘဲ တောင်ကျရေနဲ့ ကားရောလူရော မျောသွားတာ”လို့ ပြောပါတယ်။
အဆိုပါ မော်တော်ယာဥ်ကို မောင်းနှင်လာသူဟာ စစ်တပ်ပိုင် ဆင်မင်းဘိလပ်မြေစက်ရုံရဲ့ ဒုစက်ရုံမှူး ဒုဗိုလ်မှူးကြီး ညီဇော်ဖြစ်ပြီး အောက်တိုဘာ ၂ ရက် မနက်ပိုင်းမှာ သေဆုံးလျက် အလောင်း ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
ဆင်မင်းဘိလပ်မြေစက်ရုံက ၀န်ထမ်းတယောက်က “တညလုံးရှာတာ မတွေ့ဘူး။ နောက်နေ့မနက် ၈ နာရီလောက်မှ ချောင်းအောက်ဘက် မျောသွားတဲ့နေရာနဲ့ ၁ မိုင်လောက်ဝေးတဲ့နေရာမှာ ပြန်တွေ့ခဲ့တာပါ။ ပြန်တွေ့တဲ့အချိန် အသက်မရှိတော့ဘူး။ သူ့ကားကလည်း ကြေမွနေပါပြီ။ အလောင်းကိုတောင် ကားထဲကနေ ခက်ခက်ခဲခဲ ထုတ်ခဲ့ရတယ်။ အလောင်းကိုတော့ ကျောက်ဆည်ဆေးရုံကို ပို့လိုက်ပါပြီ” လို့ DVB ကို ပြောပါတယ်။
သေဆုံးသူ ဆင်မင်းဘိလပ်မြေစက်ရုံရဲ့ ဒုစက်ရုံမှူး ဒုဗိုလ်မှူးကြီးညီဇော်ဟာ OTS အပတ်စဥ် ၇၉ ကျောင်းဆင်းဖြစ်တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မန္တလေးတိုင်းအတွင်း အောက်တိုဘာ ၁ ရက်နေ့က နေရာကွက်ပြီး မိုးကြီးခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။