Home
ဆောင်းပါး
၂၁ ရာစု အာဇာနည်ရှာပုံတော် မန္တလေးမှသည် နေပြည်တော် လူမိုက်များသို့…
DVB
·
July 24, 2024
Design-DVB

“မန္တလေးဟာ ဂရိဒဏ္ဍာရီထဲမှာပါတဲ့ ဖီးနစ်ငှက်နဲ့ တူတယ်။ ဖီးနစ်ငှက်ဟာ ပြာပုံထဲက ပြန်လည်လန်းဆန်း နုပျိုလာသလို မန္တလေးဟာလည်း ပြာပုံထဲက ရုန်းထပြီး နုပျိုလန်းဆန်းလာတာချည်းပဲ”

(၁)

တခါက...

တိုင်းပြည်အတွက် လူမျိုးအတွက် မှန်ကန်သော လွတ်မြောက်ရေးတိုက်ပွဲအတွက် စွန့်လွှတ်စွန့်စားခဲ့ကြသော အညှဉ်းခံ၊ အကျဉ်းစံ၊ စတေးခံ အာဇာနည် မျိုးချစ်သူရဲကောင်းတို့၏ ဇာတိဂုဏ်ကို ဦးခိုက်လျက် မန္တလေးကို ကျနော် ချဉ်းကပ်မိသည်။

တခါမျှ မရောက်ဖူးသော မန္တလေးသည် ကျနော်၏အိပ်မက်များထဲတွင် အဆန်းတကြယ် စိတ်ဝင်စားဖွယ်အတိ။ မြန်မာဘုရင်တို့၏ နောက်ဆုံးမျိုးဆက်တို့ လဲလျောင်းရာ၊ တခါက မှီခိုရာ မန်းတောင်ရိပ်နှင့်။ အမရပူရသားတို့၏ ဇာတိသွေး ဇာတိမာန်တို့သည်လည်း အဘယ်သို့ရှိမည်နည်း။ နန်းမြို့ရိုးနှင့် မန္တလေးကျုံးတို့သည်လည်း ကုန်းဘောင်ခေတ်ကို ဘယ်သို့ ဖော်ကြူးလိမ့်မည်နည်း။

(၂)

မန္တလေးကို ကျနော် ရောက်ခဲ့သည်မှာလည်း စိတ်ဝင်စားဖွယ်။ ပထမမြန်မာကို စတင်သည့် ပုဂံပြည် (မြို့တော်အဆင့် သတ်မှတ်ချက်မရှိ မေ့ဖျောက်လို့မရသည့် ထာဝရရွာ) က ပေးအပ်လိုက်သည့် တာဝန်နှင့် ဖြစ်သည်။ အချိန်မရသည့်သဘောဖြစ်သည်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း ခရီးစဉ်တွေကလည်း ဆက်နေတာဖြစ်သည့်အတွက် ခရီးစရိတ်ကလည်း ကုန်နေပြီဖြစ်သည်။ နိုင်ငံရေးလုပ်ငန်းစဉ်များ ဖြစ်နေ၍လည်း နှောင်ကြိုးမဲ့ အကူအညီများသာ လက်ခံရမည် မဟုတ်ပါလား။

(၃)

ဘယ်လိုပဲဖြစ်ဖြစ် အာဇာနည် ကုန်းဘောင်မင်းဆက်တို့၏ မြေမြတ်မဟာကို နိုင်ငံရေးတာဝန်နှင့် ပထမဦးစွာ ခြေချရခြင်းသည် ကျနော့်အဖို့ ပို၍အဓိပ္ပာယ်လေးနက်၊ အတွေးနယ်ချဲ့၍ကောင်းခဲ့သည်မှာ ဤသို့တည်း။

မန္တလေး နန်းမြို့ရိုးကို စတင်တွေ့ရှိရတာ အံ့သြစရာ ကျနော် ဖတ်ကြည့်မိသည်။

(၄)

“တပ်နှင့်ပြည်သူ လက်တွဲကူ ပြည်ထောင်စုဖြိုခွဲသူမှန်သမျှ ချေမှုန်းကြ” ဟူ၍တည်း။

ကျနော် မျှော်လင့်ထားတာက နန်းမြို့ရိုးကြီး ရှိမည်။ နန်းမြို့ရိုးထဲတွင် အာဇာနည် ကုန်းဘောင်မျိုးဆက်တို့၏ သမိုင်းကြောင်းဆိုင်ရာ အထောက်အထား အချက်အလက်တွေ ပြသထားသော ရှေးဟောင်းသုတေသနဌာန အဆောက်အဦများ၊ ဒြပ်ရှိယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုတို့ ကူးလူးဆက်သွယ်နေမှုများကို တအံ့တသြ ကြည့်ရှုနေကြမည့် ကမ္ဘာလှည့်ခရီးသွားများလည်း ရှိလိမ့်မည်။ ထို့နောက် တူးမြောင်းများထဲတွင် ကုန်းဘောင်ခေတ်က လှေသမ္ဗန်လေးတွေ လှော်ခတ်သွားလာနေကြမည် စသဖြင့်…။

ကုန်းဘောင်ခေတ်ရဲ့ ကြီးကျယ်ခမ်းနားမှုတို့မှတဆင့် မြန်မာမျိုးဆက်သစ်တို့ ဂုဏ်ယူဝံ့ထည်နိုင်သလို ကျဆုံးခဲ့ရသည့် နိုင်ငံတော်အတွက်လည်း သတိသံဝေဂတရားတို့ဖြင့် အောက်မေ့ဆင်ခြင်နိုင်မည် ဖြစ်သည်။

“(လူမိုက်) ထိုသူတို့နှင့် အမြန်ဆုံး ကွေကွင်းရခြင်းသည်သာလျှင် မြို့ပြ/တိုင်းနိုင်ငံ ပြည်သူတို့အတွက် သက်သာရာ လမ်းစပေတည်း။” (အသေဝနာ စ ဗာလာနံ) (လူမိုက် = ဗာလ) = အကျိုးစီးပွားမဲ့ကို ဆောင်ရွက်တတ်သောသူ)

(၅)

ကုန်းဘောင်မင်းဆက် ၁၁ ဆက်အထဲတွင် သမိုင်းသုတေသီ ဒေါက်တာသန်းထွန်း၏ နှစ်ပေါင်း ၁၀၀၀ အတွင်း အကြည်ညိုဆုံး မင်းတပါးအဖြစ် ဘိုးတော်ဘုရားသည်  ထူးခြားစွာ ပါဝင်နေခြင်းကလည်း ကုန်းဘောင်ခေတ်ကို  ရှာပုံတော်ဖွင့်ချင်စရာ…။

“အာဇာနည်(ပညာရှိ)ပုဂ္ဂိုလ်တို့၏ အကြောင်းကို ကြားနာလေ့လာရခြင်းသည် မင်္ဂလာရှိ၏။ အမြဲတစေ စိတ်အားတက်ကြွစေ၏။ မိမိဘဝနှင့် တိုင်းပြည်၏သမိုင်းကို ပိုမိုလေးနက် အဓိပ္ပာယ်ရှိစေ၏။” (ပဏ္ဍိတနဉ္စ သေဝနာ)

(၆)

အလောင်းမင်းတရားသည် မြန်မာပြည်ကြီးကို သူ့ခေတ်သူ့အခါက ကယ်တင်ခဲ့၏။ နှစ်ပေါင်း ၁၃၀ က တည်ခဲ့သော ကုန်းဘောင်ခေတ်ကြီးကို စတင်ဖွင့်လှစ်ခဲ့၏။ ဤမြေ ဤရေကို ကုန်းဘောင်အာဇာနည်တို့၏ သွေး၊ ချွေး တို့ဖြင့် သွန်းလောင်းပြုစု ဖွံ့ဖြိုးစေခဲ့သည်။ သူတို့အသံ သူတို့အကြောင်းကို ကြားနာရခြင်းသည် ကျနော်တို့အဖို့ စိတ်သစ်မွေးကာ အားသစ်လောင်းသကဲ့သို့ ဖြစ်တော့သည်။

ကုန်းဘောင်ခေတ်တခုလုံးကို ခြုံ၍ ကြည့်လိုက်လျှင် ဝမ်းသာစရာ၊ အားရစရာ အချက်များလည်း ပါဝင်သည်။ ဝမ်းနည်းစရာ အကြောင်းများလည်း ပါဝင်သည်။ အလောင်းဘုရားကြီး၊ ဆင်ဖြူရှင်၊ ဘိုတော်ဘုရားနှင့် မင်းတုန်းမင်းတို့မှာ မြန်မာတို့ ဂုဏ်ယူပြောပလောက်သော မင်းများ ဖြစ်ကြသည်။

ကုန်းဘောင်ခေတ်တွင် မြန်မာနိုင်ငံကို အကျယ်ဆုံးအထိ တိုးချဲ့စည်းရုံးနိုင်သည်။ သာသနာအရေးကို အထူးဂရုစိုက်၍ ပြုစုခဲ့ကြသည်။ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြသည့်အပြင် သားကြီး ငါးကြီး စားသောက်မှု၊ အရက်သေစာ သောက်စားမှုတို့ကို တားမြစ်ခဲ့သည်။ ဤခေတ်တွင် ရဟန်းပညာရှိ၊ လူပညာရှိနှင့် စာဆိုတော်အများအပြား ပေါ်ထွန်းခဲ့သည်။ မဇ္ဈိမဒေသမှ ယူဆောင်လာသော ဆေးကျမ်း၊ ဓာတ်ကျမ်းများကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

သို့လျှင် အလောင်းမင်းတရားနှင့်ပတ်သက်၍ တမြို့တဂါထာ၊ တရွာ တပုဒ်ဆန်း ဆိုသကဲ့သို့ မြန်မာပြည်ကြီးကို သူ့အခါက ကံဆိုးမိုးမှောင်ဘဝမှ ကယ်တင်ခဲ့ပုံကို ပြောမကုန်နိုင်အောင် ရှိနေတော့၏။

(၇)

ထို့ကြောင့် ဟောင်းနွမ်းဖုန်တက်ကာ အရောရောအနှောနှော ဖြစ်နေသော သမိုင်းစာပေတို့ကို ကျနော်တို့သည် အတတ်နိုင်ဆုံး ဆေးကြောသုတ်သင်သင့်၏။ ကုန်းဘောင် ပရမေ ဦးအောင်ဇေယျ မှစ၍ ဇာတ်ဆောင်သူ အပေါင်းတို့ကို သဘာဝအတိုင်း ရုပ်လုံးဖော်သင့်ပေ၏။  အထူးသဖြင့် ကျနော်တို့သည် အလောင်းဘုရားအသံကို ကြားချင်၏။ သူ့ကို တွေ့ဖူး၊ မြင်ဖူးသူတို့၏ ဖော်ပြချက်များအတိုင်း ရှုမြင်လို၏။

ကျနော်တို့ တိုင်းရင်းသားများအနေဖြင့် ကံမကောင်း အကြောင်းမလှသော ကိုယ့်ဘုရင်ကို ခေါင်းဆောင်များအဖြစ် ကရုဏာမပျက် မေတ္တာပို့ကြရသော်လည်း ထိုမျှ ညံ့ဖျင်းသူတို့အား ခွင့်လွှတ်နိုင်ဖွယ်မရှိချေ။ သူတို့နှင့်မထိုက်တန်သော နေရာကို လက်မလွှတ်ချင်ဘဲ သူတို့နစ်မွန်းရာသို့ တိုင်းပြည်လူထုကိုပါ ဆွဲငင်သွားလိုသော သဘော ရှိလေသည်။

(၈)

ဒီနေရာမှာ ကျနော် သတိရတာလေး ရေးပြချင်မိပါသည်။

လွန်ခဲ့သော ၁၉၉၇ ခုနှစ် / ၁၉၉၈ ခုနှစ်က ပညာသင်နှစ် စတုတ္ထတန်း မြန်မာဖတ်စာမှာပါသော “ဘုရားလောင်း မျောက်မင်း အာဇာနည်” ဆိုတဲ့ အကြောင်းအရာလေး ဖြစ်ပါသည်။ မျောက်မင်းသည် လက်အောက်ငယ်သားများ ဘေးလွတ်ရန်အတွက် မြစ်တဖက်ကမ်းကို ခုန်ကူးသွားပါသည်။ ပြန်မလာလည်း ဖြစ်ပါသည်။ သို့သော်လည်း မျောက်ခေါင်းဆောင်သည် ပြန်လာခဲ့ပါသည်။ ကြိုးက မမီတမီ ဖြစ်နေသောကြောင့် မိမိ၏ကျောပေါ်ကို လက်အောက်ငယ်သားတွေကို နင်းစေပြီး အန္တရာယ်ကနေ ကင်းလွတ်အောင် အနစ်နာခံခဲ့ပါသည်။ ခေါင်းဆောင်၏ တာဝန်ယူနိုင်မှု တာဝန်ခံနိုင်မှု အနစ်နာခံနိုင်မှု ကိုယ်ကျိုးစွန့်နိုင်မှုများကို   အံ့ဩစရာကောင်းလောက်အောင် မြင်တွေ့ခဲ့ရပါသည်။ ကျနော်တို့ တော်လှန်ရေးသမား ခေါင်းဆောင်များ အနေဖြင့်လည်း အာဇာနည်ခေါင်းဆောင် မျောက်မင်းကို များစွာ အတုယူသင့်လှပေသည်။

(၉)

ဒီနေ့ခေတ်မှာတော့ နေပြည်တော်က မင်းအောင်လှိုင်၏ စစ်ကောင်စီ လူမိုက်ကြီးများဟာဖြင့် ပြည်သူလူနဲ့ မျိုးဆက်တွေရဲ့ ဘဝတွေကို ချနင်းပြီး တိုင်းပြည်အာဏာကို မတရားသဖြင့် အရယူထားကြပါ၏။ အရယူထားသည်မှာလည်း ၄ နှစ်ထဲကို ဝင်ရောက်လာပြီလည်း ဖြစ်ပါသည်။ နိုင်တော်လည်း ထိုလူမိုက်ကြီးများဖျက်၍ အတော်လည်း ပျက်စီးနေပြီ ဖြစ်ပါသည်။

“သူတို့လို (လူမိုက်) ထိုသူတို့နှင့် အမြန်ဆုံး ကွေကွင်းရခြင်းသည်သာလျှင် တိုင်းပြည်အတွက် သက်သာရာ လမ်းစပေတည်း။” (အသေဝနာ စ ဗာလာနံ) (လူမိုက် = ဗာလ) = အကျိုးစီးပွားမဲ့ကို ဆောင်ရွက်တတ်သောသူ)

အာဇာနည်နေ့မှာ အာဇာနည်တွေအကြောင်း ပြောကြတာလည်း ကောင်းပါသည်။ ကိုယ်တိုင်ကိုယ်ကျလည်း အာဇာနည်စိတ်ဓာတ်တွေ မဖြစ်မနေ မွေးမြူနိုင်ကြလျှင်ဖြင့် လူမိုက်တွေ၏ ဘေးဆိုး ကပ်ဆိုးကနေ ကင်းဝေးနိုင်ကြမှာ ဖြစ်ပါကြောင်း အာဇာနည်စိတ်ဓာတ်နဲ့ လူသားများကို ဂုဏ်ပြုဦးညွှတ်လျက် စာလက်ဆောင် ပါးလိုက်ရပါသည်။

ချစ်မင်းနွဲ့ကြည်

ကိုးကား - ညိုမြ (ကုန်းဘောင်ရှာပုံတော်)၊ မြသန်းတင့် (တောင်သမန်ရွှေအင်းက လေညင်းဆော်တော့)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024