
မက္ကဆီကိုနိုင်ငံမြို့တော် မက္ကဆီကိုစီးတီး လမ်းမတွေပေါ်မှာ ရာနဲ့ချီတဲ့ ကိုယ်လုံးတီးစက်ဘီးသမားတွေဟာ ကားယဉ်ကျေးမှုဆန့်ကျင်တဲ့အနေနဲ့ရော စက်ဘီးစီးနင်းသူ အခွင့်အရေး တောင်းဆိုတဲ့အနေနဲ့ပါ ဇွန် ၈ ရက်က အစုလိုက်စီးနင်း အင်အားပြခဲ့ကြပါတယ်။
မကြာသေးမီနှစ်တွေထဲမှာ မက္ကဆီကိုဟာ ကမ္ဘာမှာ အကြီးဆုံးနဲ့လေထု အညစ်ညမ်းဆုံးမြို့ကြီးတွေထဲက တမြို့ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ဆိုးရွားလှတဲ့ ယာဉ်ကျောပိတ်ဆို့မှု ဖြေလျှော့နိုင်ဖို့ နိုင်ငံသားတွေအတွက် စက်ဘီး မျှဝေသုံးစွဲတဲ့အစီအစဉ်နဲ့ စက်ဘီးလမ်းတချို့ သီးသန့်ဖန်တီးပေးတာတွေ စတင်ခဲ့ပါတယ်။
စက်ဘီးသုံးစွဲမှု မြင့်တက်လာပေမဲ့ စက်ဘီးသမားတွေနဲ့ ကားတွေအကြား မတော်တဆဖြစ်မှုတွေ မြင့်တက်လာခဲ့သလို တခါတလေ အသေအပျောက်ပါရှိတာကြောင့် စက်ဘီးလမ်းတွေ ထပ်တိုးပေးဖို့ အပါအဝင် ပိုကောင်းတဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးဖို့ နှိုးဆော်နေကြတာ ဖြစ်ပါတယ်။
ဆန္ဒပြစီးနင်းသူတချို့က အတွင်းခံလောက် ဝတ်ထားပေမဲ့ တချို့ကတော့ ဘာမှ ဝတ်မထားဘဲ ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားတဲ့ မက္ကဆီကိုစီးတီးလမ်းမတွေပေါ်မှာ စုပေါင်းစီးနင်းခဲ့ကြပါတယ်။
ကားထက် စက်ဘီးကို ပိုစီးကြဖို့၊ စက်ဘီးစီးသူတွေကို အလေးထားဖို့ တောင်းဆိုတဲ့အနေနဲ့ ကမ္ဘာ့ကိုယ်လုံးတီးစက်ဘီးစီးနင်းမှု အစီအစဉ်ရဲ့ တစိတ်တဒေသအဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုရဲ့ အိုင်ဒီယာက စက်ဘီးစီးနင်းသူတွေကို ပိုထင်သာမြင်သာရှိစေဖို့နဲ့ ယာဉ်မောင်းသူတွေအနေနဲ့ စက်ဘီးနင်းသူတွေရဲ့ ဘေးကင်းရေးကို သတိပြုမိဖို့ ဖြစ်ပါတယ်။
Source - Reuters