Home
မြန်မာသတင်း
စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်မည်ဆိုပါက SSPP/SSA ကို လူထုထောက်ခံမှု ပိုရနိုင်ဟု သုံးသပ်
DVB
·
May 7, 2024

ရှမ်းပြည်တပ်မတော် (SSPP/SSA)  အနေနဲ့ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်မယ်ဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံမှုရနိုင်သလို ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ ဘက်ကလည်း စစ်ရေးအရ အကူအညီပေးမှုတွေရနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

စစ်မှန်တဲ့ ပြည်ထောင်စု ဒီမိုကရေစီရရှိဖို့ နိုင်ငံရေးစားပွဲဝိုင်းကနေ အဖြေရှာတဲ့နည်းလမ်း မရှိတော့တဲ့အတွက်ကြောင့် စစ်ဖြစ်ရတော့မယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က အာဏာသိမ်းစစ်တပ်ကို စစ်ကြေညာလိုက်တဲ့အပေါ် အခုလို သုံးသပ်ကြတာပါ။

ဒါဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ တပ်ရင်းတပ်မ ဌာနချုပ်တွေနဲ့ မြို့တွေကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ပြီးနောက်ပိုင်း တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ရပ်တန့်သွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို အသွင်ပြောင်းပြီး ဖော်ဆောင်လာမယ့် စစ်ဆင်ရေးတခု ဖြစ်နိုင်သလို တော်လှန်ရေးအပေါ် ရှမ်းလူထုထောက်ခံမှု မကျဆင်းအောင် SSPP ရဲ့ စစ်ရေးအရ ပြင်ဆင်ဆောင်ရွက်မှုလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတဦးက “ဒီနေ့မတိုက်ရလည်း နောင်လည်း တိုက်ရမှာပဲ။ မွေးနေ့ပွဲ တနှစ်တခါ လုပ်နေရုံနဲ့တော့ တော်လှန်ရေးက ပြီးမှာမဟုတ်ဆိုတဲ့ ခံယူချက်လည်း ရှိပုံရတယ်။ ဒီကနေ့အထိက အပြောင်းအလဲမရှိဘူး။ အဲဒါက ဒေသခံလူထုကို ပိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်။ အဲဒီအတွက် အပြောင်းအလဲတခုခုကို လုပ်မှဖြစ်တဲ့အတွက် အခုလိုထုတ်ပြန်တာပဲ” လို့ ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ရဲ့ ထုတ်ပြန်ချက် မတိုင်ခင်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်ဒေသက စစ်ရှုံးပြီး တပ်ပြန်ဆုတ်လာခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေအပြင် တခြား တိုင်းနဲ့ပြည်နယ်တွေက တပ်ရင်းတပ်ဖွဲ့တွေနဲ့ပါ အာဏာသိမ်းစစ်ကောင်စီဘက်က စစ်အင်အား ဖြည့်ဆည်းထားတာပါ။

လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ SSPP/SSA တပ်ဖွဲ့တွေအပြင် ကျန်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း ထိန်းချုပ်နယ်မြေအသီးသီးမှာ တပ်အင်အား ဖြည့်ဆည်းထားကြသလို စစ်ကောင်စီဘက်ကလည်း စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပါတယ်။

လတ်တလောကာလမှာ စစ်ကောင်စီကို တိုက်ခိုက်တဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တိုင်းကို ပြည်သူလူထုက ထောက်ခံမှုရှိနေမှာဖြစ်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) အနေနဲ့ တိုက်ပွဲဖော်ဆောင်ခဲ့မယ်ဆိုရင်လည်း ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ ဘက်ကလည်း စစ်ရေးအရ ကူညီဆောင်ရွက်မှုတွေ ရှိလာနိုင်တယ်လို့ တအာင်းဒေသ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဆိုဒါန်းက ပြောပါတယ်။

“သူလှုပ်ရှားတဲ့နယ်မြေနဲ့ တခြား EAOs တွေနဲ့ ထိကပ်မှုတွေ ရှိနေတယ်။ သူကိုယ်တိုင်သာ တိုက်မယ်ဆိုရင် ပံ့ပိုးဖို့ ဝန်းရံဖို့ ကျန်တဲ့အင်အားစုတွေလည်း နောက်တကြိမ် စစ်ကောင်စီကိုတိုက်ဖို့ စစ်မျက်နှာအသစ်တွေ ဖွင့်နိုင်လိမ့်မယ်လို့ ယူဆတယ်။”

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေဟာ  “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေနဲ့ ထိစပ်နေတဲ့အတွက် SSPP ရဲ့ စစ်ဆင်ရေးဆောင်ရွက်မှုတွေဟာ  “ဝ” တပ်ဖွဲ့ရဲ့ ကူညီထောက်ပံ့မှုတွေအပေါ်မှာ မူတည်နေတယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

အဲဒီအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ရဲ့ စစ်ဆင်ရေး ဆောင်ရွက်မှုဟာ ရှမ်းပြည်မြောက်ပိုင်းတင်မဟုတ်ဘဲ ရှမ်းပြည်တောင်ပိုင်းဘက်ကိုပါ ပျံ့နှံ့သွားပြီး ပအိုးဝ်ဒေသ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ချိတ်ဆက်သွားနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေး‌လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ဟိုင်ဂင်သဘောတူညီချက်ဟာ မလွဲမရှောင်သာဘဲ ပထဝီနိုင်ငံရေး အခြေအနေအရ သဘောတူလိုက်ရတာဖြစ်ပြီး မြန်မာပြည်တပြည်လုံးမှာ ဖြစ်နေတဲ့ နွေဦးတော်လှန်ရေးကို ဟိုင်ဂင်သဘောတူညီချက်က တားဆီးလို့ရမှာ မဟုတ်ဘူး။ TNLA နဲ့ စစ်ကောင်စီရဲ့ မပျက်သေးတဲ့ စစ်ရေးလှုပ်ရှားမှုတွေက အကြောင်းတွေအမျိုးမျိုးပြပြီး ပြန်ပြီးဖြစ်လာနိုင်စရာရှိတယ်။ တနည်းအားဖြင့် ရှမ်းပြည်မြောက်ဘက်မှာ TNLA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေလည်း ပြန်ပေါ်လာနိုင်တယ်” လို့ သုံးသပ်ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ဟာ ၂၀၁၂ ခုနှစ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုထားပေမဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။

SSPP/SSဟာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးတဲ့နောက်ပိုင်းမှာ စစ်ခေါင်းဆောင်  ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုလက်ခံပြီး နေပြည်တော်ကို သွားရောက် ဆွေးနွေးထားတဲ့အဖွဲ့တဖွဲ့လည်း  ဖြစ်ပါတယ်။

SPP/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုကတော့ စစ်အာဏာရှင် ပြုတ်ကျဖို့အတွက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ စစ်ရေးပြင်ဆင်တာ မရှိသေးဘူးလို့ သံလွင်တိုင်းမ်သတင်းဌာနမှာ ပြောကြားထားပါတယ်။

အောင်သူ

ဆက်စပ်သတင်း—

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024