Home
မြန်မာသတင်း
ပြင်ဦးလွင်နှင့် မန္တလေးဘက်ကို PDF များ မဝင်နိုင်ရန် စစ်ကောင်စီပြင်ဆင်
DVB
·
May 3, 2024
Pyin-Oo-Lwin_07012024

ပြင်ဦးလွင်နဲ့ မန္တလေးဘက်ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ မဝင်နိုင်အောင် မတ္တရာမြို့ အရှေ့ခြမ်း တောင်ရိုးတလျှောက်မှာ စစ်ကောင်စီက တပ်စွဲထားပြီး ကာကင်းတွေ ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တက္ကသိုလ်တွေ အခြေစိုက်ရာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် စစ်တက္ကသိုလ် DSA နဲ့ ၁၀ မိုင်အကွာမှာရှိတဲ့ သရက်ကုန်းရွာ စစ်ကောင်စီအခြေစိုက်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က သိမ်းယူနိုင်ခဲ့ကြောင်း ဧပြီ ၂၇ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့တာပါ။

သရက်ကုန်းရွာကို PDF တွေက သိမ်းယူပြီးနောက် ဧပြီ ၂၄ ရက်ကစပြီး ပြင်ဦးလွင်မြို့နယ်နဲ့ မတ္တရာမြို့နယ်ကြားက တောင်ရိုးတွေပေါ်မှာ စစ်ကောင်စီက ကာကင်းတွေစွဲပြီး ပြင်ဦးလွင်နဲ့ မန္တလေးမြို့ပေါ်ကို PDF တွေ မဝင်နိုင်အောင် ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာဒေသခံတဦးက “မတ္တရာ အနောက်ပိုင်းခေါ်မှာပေါ့ မြစ်ရိုးတလျှောက် ဟင်္သာရွာတို့၊ ထန်းသုံးပင်တို့ အဲ့ဘက်ရွာတွေ မီးရှို့နေတာ။ ၁၅ အိမ်လောက်ပဲ ကျန်တယ်ပြောတာပဲ တရွာလုံးမှ။ မန္တလေးမြို့ကတော့ ကာမှာပဲ၊ အခု မတ္တရာအရှေ့ခြမ်း အရှေ့တောင်ရိုးတွေမှာ သူတို့ ကာထားတာပဲ။ သူတို့လည်း ထပ်မတက်ရဲဘူး၊ သူတို့လည်း တောင်တန်းကနေ ကာတော့ကာထားတာပေါ့။ ကုန်ကားကြီးတွေ စစ်တာ ဆေးတာတော့ ရှိတယ်။ ငွေတောင်းတဲ့သဘောပါပဲ။ လက်နက်ခဲယမ်းတွေများ ပါလိုပါငြားဆိုပြီး စစ်တဲ့သဘောပါပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြင်ဦးလွင်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ မတ္တရာမြို့နယ်ကို ထိန်းချုပ်ခြင်းအားဖြင့် PDF တွေရဲ့ စစ်ရေးအရှိန်ကို တားနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဧပြီလကုန်ပိုင်းတလျှောက်မှာ မတ္တရာမြို့နယ်ထဲ အင်အားသုံး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

စစ်ကောင်စီက မတ္တရာမြို့နယ် အနောက်ခြမ်းကို မန္တလေးမြို့ ဂေါဝိန်ဆိပ်ကနေ ဧရာဝတီမြစ်ရိုးတလျှောက် အင်အားဖြန့်နေတာပါ။

မတ္တရာ PDF မှ ဦးတိုးက “ရွာလုံးကျွတ်ရှောင်နေရတဲ့ ရွာတွေကတော့ ချောင်းမန်ကျီး၊ အုန်းသဇင်၊ ထိပ်စုကုန်း၊ ထုံးဘို၊ ကသည်းတာ၊ ရွှေခဲပြာ၊ အိုက်တိုင်၊ မယ်ဇလီချောင်း၊ ချောင်းဦး၊ အုတ်ဖို၊ သောင်ရင်း၊ တလိုင်း ရှောင်ရပြီ။ စကစဘက်ကပစ်တဲ့ လက်နက်ကြီး ဘေးအန္တရာယ်နဲ့ လေယာဉ်ဘေးအန္တရာယ်ဝေးအောင် ဆိုပြီးတော့ သူတို့ကို လွတ်ရာကို အရင်ရွှေ့ပြောင်းပေးရတာပေါ့” လို့ ပြောပါတယ်။

မန္တလေးတိုင်းနဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ ရွှေဘို၊ မြောင်၊ စစ်ကိုင်း၊ မုံရွာမြို့နယ်တွေမှာလည်း စစ်ကောင်စီက အင်အားသုံး နယ်မြေထိန်းချုပ်ဖို့ ဆက်လက်ကြိုးစားနေပါတယ်။

ကျေးရွာတွေဘက်ကို စစ်ကြောင်းမထိုးခင် မြို့ပေါ်ကနေ လက်နက်ကြီးပစ်ကူပေးတာ၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်မယ်ထင်တဲ့ နေရာကို ထွက်ပြေးနေရပါတယ်။

စစ်ကိုင်းဒေသခံ အမျိုးသမီးတဦးက “ပြည်သူတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ သူတို့လာလို့ရှိရင် ပြေးရတော့တာပဲ။ လာပြီဟေ့လို့ အသံကြားတာနဲ့ကို တုန်ချိနေကြတော့တာ။ ပြည်သူတွေက လေကြောင်းဆိုတာနဲ့ နေစရာမရှိတော့ဘူး။ ပစ်တာကတော့ ရက်ရက်စက်စက်ကိုပစ်တာ၊ လေကြောင်းတွေလာပြီဆိုရင် ကျမတို့ဆိုရင် ရွာထဲမှာ ကတုတ်ကျင်းထဲမှာ ၃ ညတောင် အိပ်လိုက်ရတယ်။ ကတုတ်ကျင်းထဲက ထွက်လာတော့ နှာခေါင်းသွေးကျတဲ့သူကကျ၊ ကျန်းမာရေးဖောက်တဲ့သူကဖောက် ဖြစ်တော့တာ။ တဇောက်ကန်းတွေ မထူးဇာတ်ခင်းနေကြတော့တာ၊ ပူအားကြီးတော့ မိုးကိုတမ်းတနေရတာ၊ မိုးရွာရင် ကောင်းမှာလို့။ စားဝတ်နေရေးကအစ အခက်အခဲတွေ အကုန်လုံး မတရားဖြစ်နေကြတယ်ဗျာ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်ကစပြီး ရှမ်းပြည်နဲ့ မန္တလေးတိုင်းနယ်စပ် ပြင်ဦးလွင်မြို့အနီးက စစ်ကောင်စီစခန်းတချို့ကို မန္တလေး PDF နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ထိုးစစ်ဆင် တိုက်ခိုက်ခံရတာကို ကာကွယ်ဖို့ စစ်ကောင်စီက လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ကူတွေ ပေးခဲ့ပေမဲ့ PDF ပူးပေါင်းအဖွဲ့တွေက ရှေ့ဆက်တိုးနိုင်ဖို့ ဆက်တိုက်ကြိုးစားခဲ့တာပါ။

စစ်ကောင်စီက မိတ္ထီလာအခြေစိုက် တပ်ရင်းတွေဆီက လက်နက်၊ ရိက္ခာနဲ့ လူအင်အားတွေကို ရဟတ်ယာဉ်နဲ့ ဆက်တိုက်ပို့ဆောင်နေပြီး ဂုဏ်သိက္ခာအရ နယ်မြေထိန်းချုပ်နိုင်ရေးကို ဖိအားပေးဆောင်ရွက်နေတယ်လို့ မတ္တရာ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024