Home
မြန်မာသတင်း
မြို့နယ် ၅ ခုတွင် တိုက်ပွဲနှင့် စစ်တပ် လက်နက်ကြီးကြောင့် နေအိမ်အများအပြား ဆုံးရှုံး၊ ပြည်သူ အချို့ သေဆုံးဒဏ်ရာရ
DVB
·
May 2, 2024

နိုင်ငံတဝန်းက မြို့နယ်အချို့မှာ တိုက်ပွဲတွေဖြစ်ပွားတာ၊ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာရတာ၊ နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးနေပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာမှာ မေ ၁ ရက် ညနေ ၆ နာရီက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်း PDF တို့  တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားတဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “စစ်တပ်နဲ့ KIA တိုက်ပွဲဖြစ်တယ်။ စစ်တပ်က ပြည်သူတွေ ရှောင်လို့ မရအောင် ရွာလမ်းမကြီး ပိတ်ပြီး ပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ လက်နက်ကြီးကျည်မှန်လို့ အရပ်သား အမျိုးသမီးတဦး သေသွားတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ် ဆိုင်းတောင်ကျေးရွာ၊ စန်းသီတာကုန်းမှာနေတဲ့ အသက် ၃၀ ကျော်ခန့် အမျိုးသမီးတဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တာပါ။

ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၈ နာရီခန့်အထိ ဖားကန့်စစ်တပ်ဗျူဟာကုန်းဘက်က လက်နက်ကြီးတွေနဲ့ ဆိုင်းတောင်ကျေးရွာကို ပစ်ခတ်နေပါတယ်။

မတ် ၃၁ ရက် မနက်ပိုင်းကလည်း မော်မောင်းလယန်ကျေးရွာက နတ်ကနားပွဲတခုအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီး တဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာလည်း ဧပြီ ၂၉ ရက်က တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အထက်ကွေ့ကြီး ဘုန်းကြီးကျောင်းအနောက်ဘက် လယ်ကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဧပြီ ၂၉ ရက် မနက် ၁၂ နာရီကျော်လောက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၅ လုံးဟာ သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာ ထင်းတဲပိုင်းကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ထင်းတဲရပ်ကွက်မှာရှိတဲ့ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ညဘက် လူအိပ်ချိန်ကြီးမှ ပစ်တာ။ အကုန်လုံးရှောင်နေလိုက်တော့ အိမ်တွေပဲထိတာ။ လူထိခိုက်မှုတော့ မရှိဘူး။ ကြားတာကတော့ PDF တွေရှိတယ်ဆိုပြီး ပစ်တယ်လို့ ကြားတာပဲ။ သူတို့က လက်နက်ကြီးနဲ့ပစ်တဲ့အချိန်ဆို နီးစပ်ရာကို ရှောင်လိုက်တာပဲ။”

ဝေါမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောပါတယ်။

ဧပြီ ၂၇ ရက်နဲ့ ၂၈ ရက်မှာလည်း စစ်ကောင်စီက ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် တဦးသေဆုံးပြီး စာသင်ကျောင်း ၃ ကျောင်း အပါအဝင် အဆောက်အအုံ ၂၅ လုံး ထိခိုက်ပျက်စီးကာ ၁၅ ဧက ရော်ဘာခြံ ၂ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နဲ့ မိုးမောက်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ အခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူတွေ ဗန်းမော်မြို့ကို စစ်ဘေးရှောင်သူ ပိုမိုများပြားလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“ဟုတ်ပါတယ်၊ ဒီနေ့ နေ့လယ် ၄ နာရီကျော်လောက်လည်း စစ်တပ်က လှမ်းပစ်လို့ မိုးမောက် မန္တလေးကျောင်းတိုက်ထဲကို လက်နက်ကြီးတွေ ကျကွဲတယ်။ ဒီတခါနဲ့ဆို ၂ ခါရှိပြီ။ ဘုန်းကြီးကျောင်းထဲမှာ သံဃာတော်တွေနဲ့ လူဦးရေ ၇၀ လောက် ကျန်ထားသေးတယ်။ လေယာဥ်နဲ့လည်း ၂ ကြိမ် လာကြဲတယ်။ ခါနန်ဘက်မှာ လေယာဥ်နဲ့ စစ်တပ်က လာကြဲလို့ အိမ်တွေမီးလောင်တယ်။ ဟိုတနေ့ကလည်း ကက်သလစ်ဘုရားကျောင်းနဲ့ ဘုရားကျောင်းရှေ့က အိမ်လည်း ထိလို့ အများကြီး ပျက်စီးကုန်တယ်” လို့ ပြောပါတယ်။

မံစီ​မြို့ခံတဦးကလည်း “၂၈ ရက်နေ့ ည ၉ နာရီလောက်က ဆေးရုံရှေ့မှာ အသက် ၄၀ ကျော် အမျိုးသမီးတယောက် သေနတ်ပစ်ခတ်ခံရတယ်။ နောက်ကျောကနေ ဖောက်ထွက်သွားတာ၊ ဘယ်ကပစ်မှန်းတော့ မသိဘူး။ အခု ဗန်းမော်ဆေးရုံကြီးမှာ ကုသမှုခံနေရတယ်။ မြို့ထဲက တော်တော်များများ ဗန်းမော်မြို့ဘက် စစ်ရှောင်ကုန်ကြပြီ” လို့ ပြောပါတယ်။

လတ်တလော ဗန်းမော်မြို့က စစ်ကောင်စီတပ် ခလရ ၄၇၊ အမတ ၃၆၆၊ မံစီအမြောက်တပ်တွေက လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် လူနေရပ်ကွက်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ကျရောက်ပေါက်ကွဲပြီး ပျက်စီးမှုတွေ ရှိနေကာ စစ်ရှောင်တွေအတွက် အခြေခံစားသောက်ကုန်နဲ့ မိုးကာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း မတ် ၁ ရက် မွန်းလွဲ ၁ နာရီလောက်မှာ  စစ်ကောင်စီတပ်က ‌အင်အား ၂၀၀ နီးပါးနဲ့ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသခံ ၂၀၀၀ နီးပါး စစ်ဘေးရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်း ဝင်လာတာကြောင့် မင်းတန်းရွာ၊ သာဒွန်းရွာ၊ အိုင်သား၊ နေပူကုန်း၊ ထုံးကြိုင်၊ မယ်မသော် ရွာတွေက ဒေသခံတွေ  ရွာကနေ ထွက်ပြေးနေကြရတာပါ။

နေပူကူန်းရွာသား တဦးက “မနေ့ကနေ ဒီနေ့ မေ ၂ ရက်အထိတော့ ဘာတိုက်ပွဲမှ မဖြစ်သေးဘူး။ မင်းတန်းရွာမှာ တပ်စွဲနေတယ်။ အခုထိ ရွာထဲက မထွက်သေးဘူး။ ရွာသား တယောက်အနေနဲ့ ဒီ ခေတ်ဆိုးကြီး မြန်မြန်ပြီးပါစေလို့ပဲ ဆုတောင်းတယ်”လို့ ပြောပါတယ်။

လာရောက်တဲ့ စစ်ကြောင်းဟာ တပ်မ ၉၉ ကဖြစ်ပြီး အင်အား ၂၀၀ လောက်ပါတယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် တဦးက ပြောပါတယ်။

“သူတို့ လာတာ အင်အား ၂၀၀ နီးပါးဆိုတော့ မြောင်နယ်ထဲက တပ်နဲ့ ချိန်းဖို့ လာတာလို့ပဲ ထင်တယ်။ အခုအထိတော့ ရွာတွေကို ဘာမှ မလုပ်သေးဘူး။ သူစောင့်ကြည့်၊ ကိုယ်စောင့်ကြည့် အနေထားပေါ့”လို့ ဆိုပါတယ်။

၂၀၂၄ မတ်လကုန်အထိ စုစည်းထားတဲ့ အချက်အလက်များအရ စစ်ကောင်စီနဲ့ လက်အောက်အဖွဲ့အစည်းများရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ပြည်သူနေအိမ်ပေါင်း ၈၃,၇၄၆ လုံး ဆုံးရှုံးခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်က ၁၀၀၀ အောက်ထိကျဆင်းသွားခဲ့ပေမဲ့ ၂၀၂၃ ဒီဇင်ဘာလနေ တဖြည်းဖြည်း ပြန်မြင့်တက်လာကြောင်း၊ ပြီးခဲ့တဲ့ မတ်လအတွင်း နေအိမ်ပေါင်း ၂,၈၃၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းထဲ ၁,၈၅၁ လုံးနဲ့ မန္တလေးတိုင်းထဲက ၆၂၈ လုံးပါဝင်တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

Photo - ဒေသသတင်းရင်းမြစ်၊ လူမူကူညီရေးအသင်းများ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024