Home
မြန်မာသတင်း
နောင်ချို၊ ကျုံပျော်၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်တို့မှ စစ်ရှောင်ထောင်ချီ အကူအညီလိုအပ် 
DVB
·
April 30, 2024

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲမှာ MDY-PDF ပြည်သူ့ကာကွယ်ရေးတပ်က သရက်ကုန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဧပြီ ၁၅ ရက်က ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် နှစ်ဖက် တိုက်ပွဲပြင်းထန်နေတာကြောင့်  အနီးနားတဝိုက် ရွာပေါင်းအနည်းဆုံး ၁၅ ရွာက ပြည်သူ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး  စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေပါတယ်။

သရက်ကုန်းရွာဟာ နောင်ချိုမြို့နဲ့ ပြင်ဦးလွင်မြို့နယ်ကြားမှာရှိပြီး တိုက်ပွဲဖြစ်တော့ သရက်ကုန်းရွာ အပါအဝင် အနီးနားတဝိုက် ချောင်းကွေ့၊ ကျောက်မဲလေး၊ တောင်တလုံး၊ ကုန်းကန်း၊ ပန်ခမ်၊ ပါဟတ်၊ ပန်းညို၊ မန့်နား၊ ညောင်ပါဆာ၊ ဆုံဆယ်၊ သံမဆယ်၊ မန့်မိုင်၊ ခိုနမ့်၊ သံဘို၊ ဇာလီဖြူကျော်၊ ကျောက်မဲလေး အစရှိတဲ့ ရွာပေါင်း ၁၅ ရွာထက်မနည်း လူဦးရေ ၃၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ကူညီသူတဦးက ပြောပါတယ်။ 

“ပစ်ခတ်သံတွေက နေ့တိုင်းလို ကြားနေရတယ်ခင်ဗျ၊ အဲဒီသရက်ကုန်းရွာတဝိုက်မှာပဲ။ မနေ့ကလည်း တနေကုန်၊ မနေ့ညနဲ့ ဒီကနေ့တော့ အသံတွေ တိတ်နေတယ်၊ စိတ်တော့မချရဘူး။ အစကတော့ တရွာ နှစ်ရွာပဲ ထွက်ပြေးတယ်၊ နောက်တော့ အနီးနားရွာတွေအကုန် ရှောင်တယ်။  သေနတ်သံကြားရင် တိုက်ပွဲက သူတို့ဆီရောက်လာမှာ ကြောက်တာရော၊ လက်နက်ကိုင်အဖွဲ့တွေက သူတို့ရွာနားရောက်လာတာတွေကြောင့်ရော၊ စစ်တပ်က လေယာဉ်နဲ့ လာပစ်မှာလည်းကြေက်လို့ ထွက်ပြေးကြတယ်။”

စစ်ဘေးရှောင်တွေဟာ ဘန့်ဘွေးရွာဘုန်းကြီးကျောင်းမှာ ၅၀၀ နီးပါး၊ အင်းဝိုင်းဘုန်းကြီး ကျောင်းမှာ ၂၅၀ ကျော်၊ နောင်ချိုသကြားစစ်ရုံမှာ ၃၀ ကျော်၊ ကြံစိုက်ခင်းထဲမှာ ၄၀ ကျော်ရှိပြီး ညောင်ကုန်းဘုန်းကြီးကျောင်း၊ နောင်ချိုသီလရှင်ကျောင်း၊ အခြေခံပညာစာသင်ကျောင်းတွေမှာလည်း ခိုလှုံနေကြတယ်။ 

ဒါ့အပြင် နောင်ချို-မိုးကုတ်သွားတဲ့လမ်းဘက်က ဟိုခို၊ ဟိုခိုင်း၊ ကျောက်ကြီး စတဲ့ ရွာတွေက နီးစပ်ရာ ဆွေမျိုးတွေဆီမှာ သွားရောက်ခိုလှုံနေကြတာလည်းရှိပြီး စုစုပေါင်း ခန့်မှန်းခြေ ၃၀၀၀ ကျော်မယ်လို့ ဆိုပါတယ်။ 

စစ်ဘေးရှောင်တွေကို ဘုန်းကြီးကျောင်းက လက်ခံကျွေးမွေးထားသလို ရွာသားချင်းချင်း ကူညီတာ၊ အဝေးက အလှူရှင်တွေ ကူလာတာရှိပေမဲ့  စစ်ဘေးရှောင်များတာကြောင့် မလုံ လောက်ကြောင်း၊ အကူအညီ လုံးဝမရဖူးသေးတဲ့နေရာတွေလည်းရှိတယ်၊ တချို့ရွာသားတွေက ဆန်တွေ၊ ဆီတွေ သယ်လာပေမယ့် ရက်ကြာလာတော့ ရိက္ခာကုန်နေပြီလို့  ဒေသခံက ပြောပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က စစ်ကောင်စီရဲ့ သရက်ကုန်းစခန်းကိုတိုက်ခိုက် သိမ်းပိုက် လိုက်တဲ့နောက် စစ်ကောင်စီက အဆိုပါစခန်းကို ပြန်ရဖို့ တိုက်ခိုက်ရာမှာ လေကြောင်းက နေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့တယ် ၊ ဧပြီ ၂၀ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သရက်ကုန်း ၊ ဇာလီ နဲ့ ပါဟတ်ကျေးရွာဘုန်းကြီးကျောင်း ထိမှန်ပျက်စီးသလို ညောင်တုန်းရွာမှာ လည်း နေအိမ်အတော်များများပျက်စီးခဲ့ပါတယ် ။ 

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာလည်း တော်လှန်ရေးတပ် PDF တွေ ရောက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူတွေ ထွက်ပြေတိမ်းရှာင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်က စတင်ပြီး စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ PDF တွေ ရောက်နေတယ်ဆိုပြီး ကျုံပျော်မြို့နယ်ထဲက အင်းတယော်ရွာ၊ ပုလင်းကျေးရွာ၊ သဌေးကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ စတဲ့ရွာတွေမှာ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတဦးက “၂၈ ရက်လောက်ကစတင်ပြီး စစ်ကြောင်းထိုးနေတာ။ PDF တွေ ရောက်နေတယ်ဆိုတဲ့ သတင်းနဲ့ စစ်ကြောင်းထိုးနေတာ။ စစ်ကောင်စီတပ်က အင်အားက မနည်းဘူး။ တော်ကြာ စစ်ကားတွေနဲ့ ရွာစပ်ကို စစ်သားတွေကို လာတိုးချလိုက်၊ နောက် ပြန်ခေါ်သွားလိုက်နဲ့ လုပ်နေတာပဲ။ သူတို့ ဒီလိုလုပ်နေတာက ကိစ္စမရှိပေမဲ့ တိုက်ပွဲအတွေ့အကြုံကို မခံစားဘူးတဲ့ ကျမတို့ ဒေသခံတွေက ကြောက်နေတယ်။ ဒါကြောင့် အခု ခဏရှောင်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ခန့်မှန်းအင်အား ၄၀၊ ၅၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် နေအိမ်တွေမှာရှိတဲ့ အမျိုးသားတိုင်းကို အခုရက်ပိုင်းထဲ ခရီးမသွားဖို့ အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုထားလို့ ဒေသခံတွေအနေနဲ့ အလုပ်ကောင်းကောင်းမလုပ်ရဘူး ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ကျုံပျော်မြို့နယ်က အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက “စစ်ကောင်စီက လုပ်လိုက်ရင် အလွဲတွေချည်းပဲ။ ဒီအတိုင်း ဆက်လုပ်နေရင် လယ်ထဲဆင်းပြီးတော့တောင် အလုပ်မလုပ်ရဲတော့ဘူး ဖြစ်ကုန်ပြီ။ စစ်ကြောင်းထိုးတာ အခု ၂ ရက်ရှိပြီလေ။ PDF ရှိတယ်ဆိုပြီး စစ်ကြောင်းထိုးနေတာ။ ဘာ PDF တယောက်မှ ဖမ်းမိတာ မရှိဘူး။ ဘာကို အာရုံလွှဲဖို့ လုပ်နေတာလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာမှာ စစ်ကောင်စီ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဇွန် ၅ ရက်က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူတွေ ပထမဆုံး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး ပြည်သူဘက်က ၁၇ ဦး ကျဆုံးကာ ထောင်နဲ့ချီတဲ့ ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ကြံခင်းနဲ့ မြန်အောင် စတဲ့ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်က PDF တွေ လာတိမ်းရှောင်နေတယ်လို့ ဆိုပြီး စစ်ကြောင်းထိုးကာ ဒေသခံ အရပ်သား ၁၂ ဦးကို ဖမ်းဆီး စစ်ဆေးခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တို့မှာလည်း အကူအညီတွေ လိုအပ်နေပြီး အပူချိန်မြင့်တက်မှုကြောင့် စစ်ရှောင်ပြည်သူတွေ ဖျားနာနေကြတယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတွေဆီက သိရပါတယ်။

ဆားလင်းကြီးမြို့နယ် မြောက်ပိုင်းနဲ့ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းကို မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းက ဧပြီ ၂၃ ရက်ကတည်းက စစ်ကြောင်းထိုးနေတာပါ။

စစ်ကြောင်းကြောင့် ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ် ကျေးရွာ ၁၀ ရွာက ပြည်သူ ၇,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

ယင်းမာပင်-ဆားလင်းကြီး သပိတ်ဦးဆောင်ကော်မတီမှ ကိုလွမ်းသူက “စစ်ရှောင်တွေ စားရေး သောက်ရေးကတော့ လူသားစာနာဝန်ကြီးဌာန၊ ပရဟိတအဖွဲ့တွေနဲ့ သပိတ်အင်အားစုတွေက ချိတ်ဆက်ပြီးတော့မှ ဖြေရှင်းနေပါတယ်။ စားနပ်ရိက္ခာကတော့ လုံလောက်မှုမရှိပါဘူး” လို့ ပြောပါတယ်။

ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေမှာ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေပြီး စစ်ဘေးရှောင်အချို့ အပူရှပ် ဖျားနာတာတွေ ကြုံနေရတယ်လို့ သိရပါတယ်။

“ကျနော်တို့က ဘေးလွတ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ ရှောင်ရတဲ့ အခါကျတော့ အရိပ်အာဝါသနည်းပါးတဲ့အခါ အပူဒဏ် မခံနိုင်ကြတာပါ။ ကိုယ်ပူချိန်တက်ပြီး ဖျားတာတွေ၊ သက်ကြီးရွယ်အိုတွေဆိုရင် အပူဒဏ်ကို အလူးအလဲ ခံနေရပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အပူဒဏ်ကြောင့် ဖျားနာတဲ့ စစ်ရှောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Photo - Crd - Min Min

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024