Home
မြန်မာသတင်း
ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားဥယျာဉ်များ ယိုယွင်းပျက်စီး
DVB
·
April 23, 2024

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့က နောက်ဖေးလမ်းကြား ဥယျာဉ်တွေဟာ ပြင်ဆင်ထိန်းသိမ်းမှု မရှိတာကြောင့် ပျက်စီးယိုယွင်းလာနေပြီး စည်းမဲ့ကမ်းမဲ့ စွန့်ပစ်အမှိုက်တွေကြောင့် ပြန်လည် ညစ်ပတ်နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကစလို့ နောက်ဖေးလမ်းကြား အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ် ခေါင်းစဉ်နဲ့ ရန်ကုန်မြို့လယ်ကောင်ရှိ တိုက်တွေရဲ့ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်သရိုက်နဲ့ ရေဆိုးမြောင်းတွေ ရှင်းလင်းတူးဖော်မှု၊ နောက်ဖေးလမ်းကြားတွေကို ကွန်ကရစ်ခင်းတာတွေနဲ့ ရေမြောင်း သန့်ရှင်းရေးတွေလုပ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပန်းချီပညာရှင်တွေနဲ့အတူ လမ်းကြားတွေကို ဒေသခံတွေအပန်းဖြေအနားယူနိုင်မယ့် ဥယျာဉ်တွေအဖြစ် ပြောင်းလဲ ဖော်ဆောင်လာခဲ့ပါတယ်။

ဒီလိုတွေ လုပ်ဆောင်ခဲ့ပေမဲ့ ၂၀၂၁ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာတော့ အရပ်သားအစိုးရလက်ထက်က မြို့ပြဖွံ့ဖြိုးရေး အစီအစဥ်တရပ်အဖြစ် ဖော်ဆောင်ခဲ့တဲ့ နောက်ဖေးလမ်းကြား ဥယျာဉ်တွေဟာ တခန်းရပ်သွားပြီး ရှိနှင့်ပြီးသား လမ်းကြားပန်းချီတွေ၊ အားကစားကွင်းတွေနဲ့ သစ်ပင်ပန်းပင်တွေဟာ ထိန်းသိမ်းမှုမဲ့ကာ ယိုယွင်းပျက်စီးလာနေပါတယ်။

ဒါ့အပြင် တိုက်ခန်းတွေမှာ နေထိုင်သူတွေက လမ်းကြားတွေထဲကို အမှိုက်နဲ့ စွန့်ပစ်ပစ္စည်း စည်းကမ်းမဲ့ ပစ်ချတာတွေ ရှိနေသလို ဥယျာဉ်ဝင်ပေါက်၊ ထွက်ပေါက်တွေကို လုံခြုံရေးအကြောင်းပြကာ သော့ခတ်ထားနေတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

“နောက်ဖေးလမ်းကြားဥယျာဉ်တွေက ကိုဗစ်ကာလကတည်းက ပိတ်ထားတာ။ အာဏာသိမ်းကာလမှာလည်း ဆက်ပြီးတော့ ပိတ်ထားတယ်။ သူတို့က တံခါးပိတ်ပြီးတော့ သော့ပါခတ်ထားတာ။ ဝင်လို့မရဘူး၊ ထွက်လို့လည်းမရဘူး။ ၃၉ လမ်းနဲ့ ၄၁ လမ်းထဲက နောက်ဖေးလမ်းကြားတွေဆိုရင် အမှိုက်တွေပစ်ထားတယ်။ အပင်တွေပေါက်နေတာလည်း တွေ့တယ်။ ပန်းချီတွေကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ တချို့ပန်းချီတွေဆို ဆေးသားတွေ ပျက်နေပြီ။”

အာဏာမသိမ်းခင် ရက်ပိုင်းလောက်အလိုက နောက်ဖေးလမ်းကြားဥယျာဉ်တွေရဲ့ ၁၂ ခုမြောက်ဖြစ်တဲ့ “စိမ်းလန်းစိုပြေ ဥယျာဉ်မြေ” ပန်းချီဥယျာဉ်နဲ့ ကစားကွင်းတခုကို ပန်းဘဲတန်းမြို့နယ်၊၂၉လမ်း × လမ်း၃၀လမ်းကြားမှာ ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ပြီး ဒီဥယျာဉ်ကို မြို့တော်စည်ပင်ကော်မတီ၊ မြို့ခံတွေ၊ ဒို့အိမ်၊ ပန်းဘဲတန်းမြို့နယ် ပန်းချီပန်းပုအစည်းအရုံးက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြင်ဆင်ထိန်းသိမ်းမှုတွေ မလုပ်တော့ဘူးလို့ ဥယျာဉ်ဖြစ်မြောက်ရေး ကော်မတီဝင်ဟောင်းတဦးက ပြောပါတယ်။

“နောက်ဖေးလမ်းကြားဥယျာဉ်တွေက ပန်းချီတွေဆွဲ၊ အပင်တွေစိုက်ပြီးတော့ အဝင်အထွက်လည်းမတွေ့ပါဘူး။ နှစ်နှစ်တော့ ကျော်ပြီပေါ့။ အခြေအနေက သူတို့က ဘာမှလည်း မလုပ်တော့ ရေညှိတွေတက် ပန်းပင်တွေလည်း တစစီဖြစ်နေတာပေါ့။ ဝင်လည်း မကြည့်ကြဘူး၊ ကလေးတွေလည်း မဆော့ကြဘူး။ ပန်းဘဲတန်းအခြမ်းလည်း ရှိတယ်။ ကျောက်တံတားမှာလည်းရှိတယ် အများကြီးပဲ။ မောင်ထော်လေးလမ်းတို့ ဟိုဘက်ဒီဘက်တွေမှာ ရှိတယ်။ ကျောက်တံတားမှာဆိုရင် ၃၆ လမ်း၊ ၃၅ လမ်း၊ ၃၃ လမ်း၊ ၃၄ လမ်းတို့ ကြားတွေထဲမှာလည်း ရှိတယ်။ တံခါးတွေ ဘာတွေတော့ ပိတ်ထားတယ်။ မုခ်ဦးလေးတွေတော့ ရှိသေးတယ်။”

အရပ်သားအစိုးရလက်ထက်မှာ ဒေသဖွံ့ဖြိုးရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ကနေ သိန်း ၁,၀၀၀ ဘတ်ဂျက်အထိ သတ်မှတ်ပေးထားခဲ့ပေမဲ့ လက်ရှိမှာ နောက်ဖေးလမ်းကြား ဥယျာဉ် စီမံကိန်းအတွက် ဆက်လက်ထောက်ပံ့တာမျိုး မရှိတော့ဘူးလို့ ဥယျာဉ်ဖြစ်မြောက်ရေး ကော်မတီဝင်ဟောင်းတဦးက ပြောပြပါတယ်။

“အရင်တုန်းကတော့ ကော်မတီဆိုတာက လွှတ်တော်အမတ်တွေကနေ ရပ်ကျေးပေါ့နော်၊ အမှိုက်ကောက်တာတွေ ဝိုင်းကူတာတွေတော့ လုပ်ဖူးတယ်။ နောက်ဖေးလမ်းကြား သန့်ရှင်းရေး၊ ဆိပ်ကမ်းတဝိုက် သန့်ရှင်းရေးဆိုရင် စနေနေ့တိုင်း လုပ်အားပေး ကူတာတွေတော့ ကျမတို့အဖွဲ့တွေ ရှိတယ်။ ဒါပေမဲ့ လွှတ်တော်တွေကနေ တလမှာ ဘတ်ဂျက် ၁,၀၀၀ ဆိုတာ ရှိတယ်။ အမေစုလက်ထက်တုန်းက။ လမ်းတွေခင်းတယ်၊ အားကစားလုပ်တဲ့ ပစ္စည်းတွေ ဆင်ပေးတယ်။ နောက်ဖေးလမ်းကြားတွေကို ပန်းဥယျာဉ်တို့ ကလေးကစားကွင်းတို့ ထားတယ်။ အခု သိန်း ၁,၀၀၀ ထောက်ပံ့ကြေးလည်း မရှိဘူး။ ဒါတွေလည်း ပြုပြင်တာတွေ မတွေ့တော့ဘူး။ နဂိုဆွဲထားတဲ့ ပန်းချီကားတွေမှာဆို မိုးတွင်းဆို ရေညှိတွေ ဘာတွေ တက်နေတာပေါ့။ ထိန်းသိမ်းတာတွေ သိပ်မတွေ့ရဘူး။ တံခါးတွေ ပိတ်ထားပြီး ဒီအတိုင်းထားထားတာပဲ တွေ့တယ်၊ ပြန်လည်ပြုပြင်တာတွေတော့ မတွေ့ဘူး။”

ကိုဗစ်ကာလက Lockdown စည်းမျဉ်းတွေကြောင့် ဥယျာဉ်လမ်းကြားတွေကို ယာယီပိတ်ထားရာက‌နေ အာဏာသိမ်းပြီး‌နောက်ပိုင်း လုံခြုံရေးအကြောင်းပြကာ သော့ခတ်ထားသလို လာရောက်ကြည့်ရှုသူတွေကိုလည်း သက်ဆိုင်ရာ ရပ်‌ကွက်အုပ်ချုပ်‌ရေးမှူးတွေက ဝင်ရောက်ခွင့် မပြုကြပါဘူး။

အရပ်သားအစိုးရ အုပ်ချုပ်ချိန်က အနုပညာနဲ့ပတ်သက်လို့ လွတ်လပ်စွာ ပုံဖော်ခွင့်ပြုခဲ့သလို လူငယ်တွေကို ဖိတ်ခေါ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ လက်ရှိအခြေအနေ မြင်ကွင်းတွေအရ အာဏာသိမ်းအုပ်စုဘက်က ဖိတ်ခေါ်ရင်တောင် ထပ်ပြီး ဖန်တီးပေးမှာ မဟုတ်ဘူးလို့ လူငယ်ပန်းချီပညာရှင်တဦးက ပြောပါတယ်။

“၂၀၁၈-၂၀၁၉ မတိုင်ခင် လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က ပုံစံအတိုင်း အမှိုက်တွေ ပြန်ချ၊ အကျင့်စာရိတ္တအပိုင်းတွေ ပြန်ဖြစ်နေတာတွေ ပြန်တွေ့နေရတယ်။ အရင်တုန်းက လုပ်ခွင့်ရတယ်၊ လုပ်ခွင့်ပေးတယ်။ သူတို့ရဲ့ စိတ်ထဲရှိ‌တာတွေကို ဖွင့်ထုတ်ခွင့်ရတဲ့ အနေအထားမျိုးမှာ လွတ်လွတ်လပ်လပ် ဖန်တီးခဲ့ကြတယ်ပေါ့။ ဒါပေမဲ့ အခုလို အခြေအနေမှာ ပြောပြလို့မရတဲ့ ခံစားချက်တောင် ဖြစ်တယ်။ အနီးကပ်ဝင်ကြည့်လို့ မရဘဲ အဝေးကနေပဲ ကြည့်လို့ရတဲ့အပြင်ကို အမှိုက်သရိုက်ကအစ ပြန်ဖြစ်နေတော့ စိတ်မကောင်းဘူး။ အဲ့နားသွားဖြစ်ရင်တောင် ရှောင်ကွင်းသွားကြတဲ့သူတွေ ရှိတယ်။ ဆွဲခဲ့သူတချို့ပေါ့။ သူတို့တွေ ဒီလိုအနေအထားကို မခံစားနိုင်ကြဘူး။ အခုအခြေအနေမှာ street art နဲ့ပတ်သက်လို့ ပြန်ခေါ်ရင်တောင်မှ အများစုက ပြန်ဆွဲကြမယ် မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်ကိုမှ ပစ္စည်းဖိုးတွေ ငွေကြေးကုန်ကျမှုတွေကို ခေါင်းထဲ မထည့်ဘဲနဲ့ သူတို့ရဲ့ အနုပညာတွေကို ပုံဖော်ခဲ့ကြတဲ့သူတွေဆိုတော့လေ၊ အဲ့လိုထပ်ဖြစ်နိုင်မလားဆိုတဲ့ ခံစားချက်က အမြဲတမ်း ခြောက်လှန့်နေမှာ ဆိုတော့လေ။ လက်ရှိအနေအထားနဲ့ဆိုရင်တော့ ထပ်ဆွဲဖို့ စိတ်ဆန္ဒရှိမှာ မဟုတ်တော့ဘူး။”

လက်ရှိမှာ‌တော့ နောက်ဖေးလမ်းကြားဥယျာဉ်တွေမှာ ရေးခြယ်ထားတဲ့ နံရံပန်းချီတွေ၊ ကစားကွင်းနေရာ၊ အနုပညာလက်ရာတွေနဲ့ ပန်းပင်တွေ၊ လမ်းကြားတွေဟာ ‌တိုက်ခန်းတွေက ပစ်ချတဲ့ စွန့်ပစ်အမှိုက်တွေကြောင့် ညစ်ပတ်နေသလို ဥယျာဉ်အဝင်အဝ နေရာတွေဟာ ကားရပ်နားရာနေရာနဲ့ ‌ဈေးဆိုင်ခန်းအဖြစ် နေရာယူထားကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024