Home
ဆောင်းပါး
မြဝတီမြို့နှင့် ပတ်သက်ပြီး စစ်ကောင်စီ ဘယ်လို စဥ်းစားလာနိုင်လဲ
DVB
·
April 16, 2024

ကုန်းလမ်း ကုန်သွယ်ရေးမြို့တွေ တခုပြီးတခု အသိမ်းခံနေရတဲ့ စစ်ကောင်စီဟာ တပူပေါ် နှစ်ပူဆင့် ဆိုသလို သင်္ကန်းညီနောင် အခြေချစစ်ဗျူဟာရဲ့ အင်အား ၆၀၀ ကျော် လက်နက်ချမှုကြောင့် ထိုင်းနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ကို လက်လွှတ်လိုက်ရပါတယ်။ မြဝတီမြို့ ကုန်သွယ်ရေးဇုန်အတွက် ဘေးနံတပ်သဖွယ် လုံခြုံရေး ယူထားနိုင်တဲ့ သင်္ကန်းညီနောင် အခြေချဗျူဟာ အင်အားပဲ့ထွက်သွားမှုကြောင့် တော်လှန်ရေးအင်အားစုများက မြို့ကို လွယ်လင့်တကူ ထိန်းချုပ်သွားနိုင်ခဲ့တာဖြစ်ပြီး မြို့ပြန်လည်ရယူရေးအတွက် စစ်ကောင်စီဟာ သံချပ်ကာယာဥ်တန်းတခု စေလွှတ်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ခြေလျင်ခြေမြန်စစ်ကြောင်းများ ထပ်မံ ဝင်ရောက်လာလိမ့်မယ်လို့လည်း တော်လှန်ရေး အင်အားစုများဘက်က ရှုမြင်ထားကြပါတယ်။ စစ်ကောင်စီ တိုက်လေယာဥ်တချို့ကလည်း မြို့အပြင်ဘက်မှာ ဗုံးချတိုက်ခိုက်မှုမျိုး လုပ်ဆောင်လာလို့ ထိုင်းလေတပ်က တိုက်လေယာဥ်တွေ နယ်စပ်ဒေသ ဝေဟင်ပိုင်နယ် လုံခြုံရေးအတွက် ပျံသန်း ကင်းလှည့်နေရပါတယ်။

စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးအတွက် ဝင်ငွေအများအပြား ရှာဖွေပေးနေတဲ့ မြဝတီမြို့ကို လက်လွှတ်မခံနိုင်ဘဲ ထိုးစစ်ကြီး ဆင်နွှဲလာနိုင်ခြေရှိလား၊ ထိုးစစ်အဟုန်က ကြီးမားမှာလား၊ အားနည်းမှာလား၊ မြဝတီမြို့ ပြန်လည်ရရှိရေးအတွက် အာရုံစိုက်ခဲ့ရင် တခြားစစ်ဒေသတွေအပေါ် သက်ရောက်မှုရှိလာနိုင်မလား သို့တည်းမဟုတ် တခြားသော စဥ်းစားချက်တွေ ရှိနေနိုင်မလား စတဲ့ စာရေးသူအမြင်အရ စစ်ရေးအခြေအနေ ဘယ်လိုဖြစ်လာနိုင်လဲ ခပ်သော့သော့ ကောက်နှုတ်ချက်ရေးမှာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ စစ်ကောင်စီဘက်ကနေ ပါဝင် တိုက်ပွဲဝင်ပေးခဲ့ပါတယ်။ ရှေ့လတွေတုန်းက BGF ဟာ စစ်ကောင်စီရဲ့ လစာနဲ့ရိက္ခာကို မယူတော့ဘဲ ကရင်အမျိုးအသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲရပ်တည်လိုက်ပါတယ်။

ကရင်မှာက share interest များတယ်၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ စုံလင်တယ်၊ အကျိုးစီးပွား စပ်ဆိုင်မှုတွေ ရှိတယ်၊ စစ်တိုက်ဖို့ဆို အရင်ညှိနေရတဲ့သဘော ရှိတယ်။ အားမနာတမ်း ပြောရရင် အပစ်ရပ် အရင်းရှင်စနစ် cease fire capitalism အားကောင်းစွာ ထွန်းကားတယ်။ ဒါကြောင့်ပဲ စစ်ရေးရည်မှန်းချက်တွေမှာ လေးလံစေတယ်၊ ခဲဆွဲစေပါတယ်။ သုံးနှစ်တာအတွင်းမှာ တိုက်ပွဲကြီးငယ် သောင်းချီဖြစ်ခဲ့ပေမဲ့ စစ်ကောင်စီဟာ BGF နဲ့ တွဲဖက်ပြီး ကရင်ပြည်နယ်အတွင်းမှာ အတော်အတန် ဟန့်စစ် ဆင်ထားနိုင်ခဲ့ပါတယ်။

မြဝတီမြို့ကို လက်လွှတ်ရတာဟာ BGF အင်အားကို အားပြုပြီး တော်လှန်ရေးအင်အားစုတွေကို ဟန့်စစ်ဆင်နိုင်မှု မရှိတော့ရာကနေ ကြုံရတဲ့ နောက်ဆက်တွဲ ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဒါ့အပြင် သင်္ကန်းညီနောင် အခြေချစစ်ဗျူဟာရဲ့ လက်နက်ချမှုဟာ BGF ရဲ့ လှည့်စားမှုကြောင့်ဖြစ်ပြီး စစ်ကောင်စီအတွက်လည်း မထင်မှတ်ထားဘဲ ခံလိုက်ရတာ ဖြစ်ပါတယ်။

မြဝတီမြို့ကို ပြန်လည်ရရှိရေး ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အပေါ် အားကောင်းတဲ့ တုံ့ပြန်မှု မတွေ့ရသေးပါဘူး။ သို့ပေမဲ့ စစ်ကောင်စီအနေနဲ့ လက်မလျှော့ချင်တဲ့ စစ်ရေးလှုပ်ရှားမှု အရိပ်အယောင်တော့ ရှိနေပါတယ်။

စစ်ဖြစ်ပြီဆိုရင်တော့ မြို့က အနည်းနဲ့အများ ပျက်စီးပါတယ်။ ကုန်သွယ်ရေးကလည်း လအတန်ကြာ ရပ်သွားလေ့ရှိပါတယ်။ စစ်ကောင်စီက မြို့ကို ပြန်မရဘူးဆိုရင် မြဝတီမြို့ကို သွားသမျှ ကုန်ကားတွေကို လမ်းမကြီးတွေမှာ ပိတ်ဆို့ထားပြီး ကုန်သွယ်ရေး မဖြစ်ထွန်းအောင် တားဆီးထားနိုင်သေးတဲ့ အခြေအနေ ရှိပါတယ်။

စစ်ကောင်စီဟာ ကချင်၊ ရှမ်းမြောက်၊ ရခိုင် စစ်မြေပြင်တွေမှာ ထိုးစစ်လုပ်ဆောင်နိုင်မှု အားနည်းပေမဲ့ ကရင်နီနဲ့ ကရင်စစ်မျက်နှာကိုတော့ မရှိရှိတာနဲ့ ထိုးစစ်လုပ်လေ့ အာရုံစိုက်လေ့ရှိတဲ့ အလေ့အထ ရှိပါတယ်။

စစ်ကောင်စီဟာ မြဝတီမြို့ကို ပြန်အရယူချင်ရင်တော့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက် တိုက်ပွဲဖြစ်ပွားနှုန်း မြင့်တက်လာပါမယ်။ သင်္ကန်းညီနောင် မြို့နယ်ဟာ ကြီးမားတဲ့တိုက်ပွဲဇုန် ဖြစ်လာပါမယ်။

ဒါက စစ်ကောင်စီအနေနဲ့ တပ်အင်အား ဘယ်လောက်သုံးမလဲ ဆိုတဲ့အပေါ် မူတည်ပြီး တိုက်ပွဲကြီးငယ်ဖြစ်ပွားမှု အရေအတွက် နည်းမလား များလာမလားအပေါ် သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်။ လက်တွေ့မှာ စစ်ကောင်စီဟာ တပ်အင်အား ဘယ်လောက်သုံးမှာလဲဆိုတာ စောင့်ကြည့်စရာ ဖြစ်လာပါတယ်။

စစ်ကောင်စီဟာ BGF အင်အား ပဲ့ထွက်သွားတဲ့အတွက် မြဝတီမြို့ကို ပြန်ရရေးဟာ ခက်ခဲလွန်းမက ခက်ခဲနေမှာ ဖြစ်ပါတယ်။ BGF အကူအညီမရတဲ့ စစ်ကောင်စီဟာ မြဝတီမြို့ကို ပြန်ရချင်ရင် အခြားစစ်ဒေသတွေက တပ်တွေကို ဆွဲထုတ်မှရပါမယ်။ ဒါက စွန့်စားရာကျတယ်၊ ဆုပ်လည်းစူး စားလည်းရူး အခြေအနေ ဖြစ်နေပါတယ်။

တခြားဒေသက တပ်တွေကို ဆွဲထုတ်ဖို့ရာ စိတ်မကူးဝံ့သလို ဆွဲထုတ်လိုက်ရင်လည်း နယ်မြေထိန်းချုပ်နိုင်မှု အားပျော့သွားမှာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က တနိုင်ငံလုံးအနေနဲ့ ထိန်းချုပ်နယ်မြေချဲ့လာဖို့ ကြိုးပမ်းလာမှုမျိုး ကြုံတွေ့ရနိုင်မှန်း စစ်ကောင်စီက သုံးသပ်မိမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြဝတီမြို့ကို လက်လွှတ်ရတာဟာ စစ်ကောင်စီအတွက် အရှက်တကွဲ အကျိုးနည်း ဖြစ်ရသလို အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဆက်ဆံရေးမူဝါဒ ပြောင်းလဲလာမှုကိုလည်း ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ အာဏာလေဟာနယ် ပြန့်ကားလာမှု ပြယုဂ်လည်း ဖြစ်ပါတယ်။

မရှိတဲ့ဂုဏ်အတွက် အဖတ်ဆယ်တဲ့ ချည့်နဲ့သော ထိုးစစ်တရပ်တော့ ဆင်နွှဲလာနိုင်ပါတယ်။ ဒါ့အပြင် မြဝတီမြို့ရဲ့ နယ်စပ်ကုန်သွယ်ရေးကိုလည်း မဖြစ်ထွန်းတော့အောင် မြို့ကို တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲ ဖျက်ဆီးပစ်နိုင်ခြေ ရှိပါတယ်။ သို့တည်းမဟုတ် ရှမ်းမြောက် မူဆယ်နဲ့ လောက်ကိုင်မှာလို ကုန်သွယ်ရေးအကျိုးအမြတ် ၇၀ - ၃၀ ရာခိုင်နှုန်း ခွဲယူတဲ့ပုံစံ ဖြစ်လာနိုင်ပါတယ်။

အချုပ်ဆိုရရင်တော့ စစ်ကောင်စီဟာ မရှိတဲ့ဂုဏ်ကို အဖတ်ဆယ်တဲ့ ထိုးစစ်ငယ်တခုသာ ဆောင်ရွက်နိုင်တာဖြစ်ပြီး တပ်အင်အားသုံးစွဲမှုအလိုက် ၁ လ ၂ လလောက်အထိတော့ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းနဲ့ သင်္ကန်းညီနောင်မှာ တိုက်ပွဲကြီးငယ် အရေအတွက် ရာဂဏန်းခန့် ဖြစ်ပွားနေဦးမှာပဲလို့ ခန့်မှန်းရပါတယ်။

မောင်မိုးမာန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024