Home
နိုင်ငံတကာ
ဆိုက်ဘာသူလျှိုလုပ်မှုအတွက် တရုတ်ကို နယ်သာလန် အပြစ်တင်
DVB
·
March 28, 2024

နယ်သာလန်နိုင်ငံအပေါ် ဆိုက်ဘာသူလျှိုလုပ်ခဲ့တဲ့ အဖြစ်အပျက်တခုနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မတ် ၂၇ ရက်က ဆွေးနွေးရာမှာ တရုတ်အစိုးရကို အပြစ်တင်ခဲ့တယ်လို့ နယ်သာလန်ဝန်ကြီးချုပ် မတ်ခ်ရူတေက ပြောပါတယ်။

တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ဆိုက်ဘာသူလျှိုတွေဟာ နယ်သာလန်နဲ့ မဟာမိတ်တွေကို ဆန့်ကျင်တဲ့ တရုတ်နိုင်ငံရေး သူလျှိုလမ်းကြောင်းရဲ့ တစိတ်တပိုင်းလို့ ထောက်လှမ်းရေးအေဂျင်စီ MIVD က ပြီးခဲ့တဲ့လက ပြောခဲ့တာပါ။

နှစ်နိုင်ငံအကြား အမျိုးသားလုံခြုံရေး တင်းမာမှုတွေ ကြီးထွားလာချိန်မှာ နယ်သာလန်နိုင်ငံက ဆိုက်ဘာသူလျှိုကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား စွပ်စွဲခဲ့တာပါ။

ဒတ်ခ်ျကုမ္ပဏီကြီး ASML ကနေ တရုတ်နိုင်ငံဆီ အဆင့်မြင့်နည်းပညာသုံး ဆီမီးကွန်ဒတ်တာ ပစ္စည်းတွေ တင်ပို့ရာမှာ ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး နယ်သာလန်နဲ့ တရုတ်ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေလည်း ရှိနေပါတယ်။

အခုနှစ် အစောပိုင်းမှာ ဒတ်ခ်ျအစိုးရဟာ တရုတ်နိုင်ငံဆီ အဆင့်မြင့် “DUV” ကိရိယာတွေ တင်ပို့ဖို့ ASML အတွက် လုပ်ငန်းလိုင်စင်တွေကို စတင်ငြင်းပယ်ခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဆီ ချစ်ပ်တင်ပို့မှုကို တားဆီးရေး အမေရိကန်ရဲ့ ကြိုးပမ်းချက်နဲ့ ပူးပေါင်းခဲ့ပါတယ်။

လက်ရှိ လိုင်စင်သက်တမ်း ကုန်ဆုံးချိန်မှာ ပို့ကုန်ကန့်သတ်ချက်တွေအောက်ကို ရောက်မယ့် တရုတ်ဖောက်သည်တွေဆီ ရောင်းပြီးသား ယူရိုဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ အဆင့်မြင့် စက်ပစ္စည်းတွေကို ASML က ဆက်ပြီး ဝန်ဆောင်မှုပေးဖို့ နယ်သာလန်အစိုးရက ခွင့်ပြုနိုင်မလား ဆိုတာကိုလည်း သံသယရှိနေကြပါတယ်။

နယ်သာလန်က တပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍနဲ့ ASML လို ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့အခါ (ပို့ကုန်ကန့်သတ်မှု) အစီအမံတွေကို ဆောင်ရွက်ရတဲ့အခါမှာ သူတို့က နိုင်ငံတနိုင်ငံကို အတိအကျ မရည်ရွယ်ဘဲ အကျိုးသက်ရောက်မှုကို ကန့်သတ်ဖို့ အမြဲကြိုးစားနေတယ်လို့ ရူတေက ပြောပါတယ်။

နယ်သာလန်ဝန်ကြီးချုပ်ရဲ့ မှတ်ချက်တွေဟာ နယ်သာလန်အစိုးရ လျှောက်လှမ်းရမယ့် သံတမန်ရေးရာ ကြိုးတန်းလျှောက်ပွဲကို ထင်ဟပ်နေပြီး ASML ကုမ္ပဏီကတော့ အမေရိကန်-တရုတ် “ချစ်ပ်စစ်ပွဲ” ကို အာရုံစိုက်နေရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024