Home
ဆောင်းပါး
၂၀၂၅ ခုနှစ်ဟာ အဆုံးအဖြတ်နှစ် ဖြစ်လာဖို့ ရုန်းကန်ရနိုင်သလား
DVB
·
March 28, 2024

အကန့်အသတ်နဲ့ရှိနေတဲ့ အရင်းအမြစ်ကို အညာဒေသဆီ ပုံအော (all in) လုပ်မလား သို့တည်းမဟုတ် နိုင်ငံအနှံ့ စစ်ဒေသအသီးသီးကို ဝေပုံကျ ခွဲခြမ်းရင်း စစ်ညောင်းကြာရှည် အခြေအနေကို ဆက်အရောက်ခံမလားဆိုတာ ဒီရက်ပိုင်း ပြောဖြစ်ကြတဲ့ အာလာပသလ္လာပ စကားတွေပဲ။ မြန်မြန်တိုက်ချင်ကြတယ်၊ မြန်မြန်အနိုင်ယူချင်ကြတယ်၊ အပြေးကလေး အိမ်ပြန်ချင်ကြတယ်၊ စစ်နွံထဲ ကြာလေ ရုန်းမရလေ၊ ပါဝင်တိုက်ခိုက်ရင်း စုံးစုံးမြုပ်ရမယ့် ဘဝတွေအဖြစ် ဒီခေတ်လူငယ်ထုက ဖြတ်သန်းလိုဟန် မတူဘူး၊ တော်လှန်ရေးကို အဓွန့်မရှည်ကြစေချင်ဘူး။

ပြီးခဲ့တဲ့ နှစ်အကုန်ပိုင်းက ဘီဘီစီနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ အင်တာဗျူး အမေးအဖြေကို ကောက်နုတ်ချက်ဆောင်းပါး ရေးခဲ့သေးတယ်။ အဲဒီထဲက တချက်ကို ပြန်ကောက်နုတ်ရရင် နိုင်ငံရေးပြဿနာတွေကို ၂၀၂၅ ခုနှစ် နောက်ဆုံးထား အဖြေရှာသင့်တယ်လို့ ပါတယ်။ မဖြေရှင်းနိုင်ခဲ့လို့ ဗမာ ERO တဖွဲ့ တိုးလာရုံ အခြေအနေကို KIA က မလိုလားဘူး။ အဖြေရှာဖို့ကိုလည်း KIA က ထဲထဲဝင်ဝင် ကူညီမှုတွေ လုပ်ခဲ့တယ်။ အဖြေရှာတဲ့အခါမှာလည်း အဖြေရရေး ခက်ခဲနေတဲ့အဆင့်တွေ ရှိလာတယ်။ ဘယ်လိုအဆင့်တွေလဲ၊ KIA ထိပ်ပိုင်းခေါင်းဆောင်တယောက်ရဲ့ မှတ်ချက်သဘောထားဟာ NUG MoD အနေနဲ့ ပိုမိုရုန်းကန်ဖို့ လိုအပ်ပြီ၊ အညာပြည်မတော်လှန်ရေးဟာ အဆင့်တက်သင့်ပြီဆိုတဲ့ သတိပေးသံလား သို့တည်းမဟုတ် ပေးထားချက်ဘောင်လားဆိုတာ စာရေးသူအာဘော်အရ ထည့်မရေးတော့ဘဲ လွတ်လွတ်လပ်လပ်ပဲ ထင်သလို တွေးယူကြလို့ ရပါတယ်။

“ပေးထားချက်ကို မလွန်ဆန်နိုင်သည့် ကွပ်ကဲမှုပုံစံ”

PDF များရဲ့ စုဖွဲ့မှု၊ ကွဲပြားမှုတွေဟာ တခုတည်းသော ကွပ်ကဲမှုအောက် ရှိလာနေတယ်လို့ ထင်ရပေမဲ့လည်း အချိန်မရွေး ပေါက်ကွဲပြန့်ကျဲနိုင်တဲ့ စုဖွဲ့ကွပ်ကဲမှုမျိုး ဖြစ်နေသလားလို့ ထောက်ပြမှုတွေ ရှိခဲ့ရှိနေဆဲ ဖြစ်တယ်။

စိုးမိုးနယ်မြေ ချဲ့ထွင်လာတာတွေ၊ မြို့ပြတွေကို စိန်ခေါ်လာနိုင်တာတွေ၊ ရန်သူစစ်ကောင်စီရဲ့ အခြေအနေ အလွန်အမင်း ဆုတ်ယုတ်လာတာတွေ စတဲ့ အောင်မြင်မှုတွေက ဖုံးလွှမ်းနေတော့ အထက်ပါ တကွဲတပြားစုဖွဲ့မှု၊ စုစည်းမရတဲ့ တပ်အသွင် ပြောင်းလဲနိုင်ခြေရှိမှုတွေကို မေ့လျော့ထားမိသလို ဖြစ်သွားစေတယ်။

တခုတည်းသော ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘဲ အမည်နာမတွေ ရှေ့ကတပ်ထားတဲ့ PDF များအဖြစ် ကွပ်ကဲမှု သီးသန့်သွားတဲ့ ခွဲထုတ်ထားမှုတွေ ဖြစ်လာနေသလားလို့ ထောက်ပြခဲ့တယ်။

ဒါ့အပြင် ကွပ်ကဲမှုတွေကို EROs များလက် ပုံအပ်ထားလိုက်တာကလည်း စစ်ဆင်ရေး လိုအပ်ချက်အရ ကောင်းမွန်တယ်လို့ ယူဆနိုင်ပေမဲ့ လက်တွေ့အားဖြင့် MoD ကပဲ ကိုင်တွယ်နိုင်စွမ်း အားနည်းနေလို့ EROs ကွပ်ကဲမှုအောက် တွဲဖက်ထားရတာလား ဆိုတဲ့ မေးခွန်းမျိုး ဖြစ်လာစေတယ်။

လက်နက်ကိုင်တော်လှန်ရေးရဲ့ ကွပ်ကဲမှုပုံစံဟာ အစကတည်းက ကိုင်ထား လေ့ကျင့်ထားတဲ့ တပ်တွေကို COC နှစ်ရပ်အောက် အခက်အခဲမရှိ သွင်းလိုက်နိုင်တဲ့ (Holding for Army Building) ပုံစံမျိုး မဟုတ်ခဲ့ဘဲနဲ့ နိုင်ငံအနှံ့အပြား ဒေသအသီးသီးက နာမည်ပေါင်းစုံနဲ့ ပေါ်ပေါက်လာတဲ့ တပ်တွေကို လာကြပါ၊ COC နှစ်ရပ်အောက် ဝင်ကြပါ၊ တခုတည်းသော တပ်မတော်၊ တခုတည်းသော ကွပ်ကဲမှုပုံစံ တည်ဆောက်ကြပါလို့ စည်းရုံးဖိတ်ခေါ်ရတဲ့ (Inviting for Army Building) ပုံစံ ဖြစ်ခဲ့တယ်။

ဒီလို ဖိတ်ခေါ်စုစည်းရတဲ့အခါမှာ တပ်တွေဟာ သေနတ်ရဖို့နဲ့ တပ်ထောက်ပံ့စရိတ် ရရေး ကွပ်ကဲမှုအောက်ကို ဝင်တဲ့သဘော ဖြစ်လာတယ်။ ဘာပဲဖြစ်ဖြစ် ကွပ်ကဲမှုအောက်ကို ဝင်လိုက်ရင် သေနတ်ငါးလက်ရမယ်၊ တပ်ရင်းထောက်ပံ့ကြေးရမယ်၊ ကွပ်ကဲမှုဆိုတာ သူတို့မှာ နာမည်ခံအရပဲ၊ လက်တွေ့ကွပ်ကဲနေတာ ငါတို့ပဲ၊ သူတို့တွေ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ရင် ကွပ်ကဲမှုအောက်က ထွက်ကြမလားဆိုတဲ့ တွေးတောမှု ရှိလာလိမ့်မယ်လို့လည်း ထောက်ပြခဲ့တယ်။

ဒီပုံစံ ဖြစ်လာရတာကလည်း လက်နက်ကိုင်တော်လှန်ရေးရဲ့ အစကနဦး ပေးထားချက် ဖြစ်ခဲ့ပြီး MoD က ပေးထားချက်ရဲ့ ပဲ့ကိုင်ရှင် မဟုတ်ခဲ့သလို ဘယ်သူ ဘယ်အဖွဲ့အစည်းကမှ ဒီပေးထားချက်အပေါ် ခြယ်လှယ်လို့ မရခဲ့ဘူး။ ပြည်သူလူထုထဲက ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် တော်လှန်မှုကြောင့် ဒီပေးထားချက် ရှိလာခဲ့တယ်လို့ ဆိုရမယ်။ အားသာချက်တွေ ရှိခဲ့သလို အားနည်းချက်တွေလည်း ရှိခဲ့တယ်။

ဒီပေးထားချက်ကို ပြုပြင်ဖို့ရာမှာတော့ MoD မှာ တာဝန်အရှိဆုံးဖြစ်တယ်။

အားသာချက်တွေက ဘာတွေလဲ 

ဗဟိုထိန်းချုပ်မှုမရှိဘဲ လွတ်လပ်စွာ စစ်ကစားနိုင်၊ ဆုံးဖြတ်နိုင်တဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ အပြန့်ကျယ်ခဲ့တယ်။ စစ်ဟာ မအီခဲ့ဘူး။ ဖြစ်ထွန်းနေတယ်၊ နေ့စဥ်နဲ့အမျှ တိုက်ခိုက်နေမှုတွေ မြင့်တက်လာတယ်။ တိုက်ချင်သလို တိုက်ကြတယ်။ ဘာလေ့ကျင့်စုဖွဲ့ တည်ဆောက်ချိန်မျှပင် သိပ်မယူခဲ့ရဘဲ စစ်ဘောင်ကြီးမားသထက် ကြီးမားလာခဲ့တယ်။ ဒါဟာ အစကနဦး လက်နက်ကိုင်တော်လှန်မှုအတွင်း COC မတည်ဆောက်နိုင်သေးမှုရဲ့ ရေတို အကောင်းဆုံး အားသာချက် ဖြစ်ခဲ့တယ်။

အားနည်းချက်ကရော 

ပိုမိုကြီးမားတဲ့ မဟာဗျူဟာမြောက် စစ်ကစားနိုင်ဖို့ ဆိုရင်တော့ COC ခိုင်မာလာဖို့ လိုတယ်။ အထက်ကဆိုခဲ့တဲ့ ရေတိုအားသာချက်ဟာ ရေရှည်မှာ ပြဿနာတပုံတခေါင်းကို ဖန်တီးဖြစ်ပေါ်လာစေတယ်။ အဆုံးစွန်ဆုံး အားနည်းချက်ကတော့ စစ်ကို အီစေ၊ ကြန့်ကြာစေ၊ လုံးဝ စစ်ရှုံးသွားနိုင်တဲ့အထိ သက်ရောက်မှု ကြီးနိုင်တယ်။

ပေးထားချက်ကို အမီလိုက်နေရတဲ့ MoD ဟာ COC တည်ဆောက်ရေးအတွက် ပိုမိုရုန်းကန်လာရတယ်။ အထူးသဖြင့် အညာပြည်မမှာ ဒီပြဿနာရဲ့ ကြီးမားမှုကို ကြုံတွေ့နေရတယ်။

ဒါကြောင့်လည်း အညာဟာ  စိုးမိုးနယ်မြေကနေ ထိန်းချုပ်နယ်မြေ၊ လွတ်မြောက်နယ်မြေအထိ အဆင့်တက်နိုင်ဖို့ ကြန့်ကြာနေသေးဆဲလို့ စစ်ရေးလေ့လာသူတွေက ညွှန်းခဲ့တာဖြစ်တယ်။

ဒီပြဿနာကို ထပ်မံကြီးထွားသွားစေတာက ပြည်သူ့ကာကွယ်ရေးအဖွဲ့လို့ ခေါ်တဲ့ ပကဖတွေ ဖွဲ့စည်းလိုက်မှုလည်း ဖြစ်တယ်။ အဓိက စစ်တိုက်တဲ့တပ် ဖြစ်တဲ့ PDF ကိုတောင် ကွပ်ကဲမှုပုံစံ မနိုင်နင်းသေးဘဲ နောက်ထပ် လက်နက်ကိုင်တပ်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဖွဲ့တာက လုပ်ငန်းဆောင်တာ ဒွေးရောယှက်တင်ဖြစ်နိုင်မှု၊ လက်နက်တပ်ဆင်မှု ဦးစားပေးပြဿနာ၊ အုပ်ချုပ်ကွပ်ကဲမှု ရှုပ်ထွေးတဲ့ ပြဿနာများ ဖြစ်လာမယ်လို့လည်း လက်နက်ကိုင် တော်လှန်ရေး အစပိုင်းမှာ ဝေဖန်ထောက်ပြခဲ့သေးတယ်။

မြေပြင် PDF တပ်ရင်း တာဝန်ရှိသူတွေက MoD အနေနဲ့ ပကဖကို လက်နက်အရင်တပ်ဆင်ပြီး PDF ကိုကျ လက်နက်မတပ်ဆင်ဘူးဆိုတာတွေ ကျယ်ကျယ်လောင်လောင် ဝေဖန်ကြသေးတယ်။

မြေပြန့်အညာဟာ MoD ရဲ့ အာရုံစိုက်ခံရမှု အားနည်းခဲ့တယ်။ အားနည်းခဲ့ရတဲ့ အကြောင်းရင်းကလည်း တောခိုကြမှု သမိုင်းကြောင်းအရရော တော်လှန်ရေးတွေဟာ တောင်တန်းဒေသမှာ သန္ဓေတည်ကြတယ်ဆိုတဲ့ အယူအဆ အားကောင်းမှုကြောင့်ရော လက်နက်တပ်ဆင်မှု ဦးစားပေးဟာ မြေပြန့်အညာပြည်မ မဟုတ်ခဲ့ဘူး။ မြေပြန့်အညာပြည်မရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ နယ်မြေအခြေအနေအရ ပြောက်ကျားစစ် ကစားလို့ မရနိုင်ဘူးဆိုတဲ့ ထင်မြင်ချက်အပြင် အချိန်ခဏအတွင်းမှာ ရန်သူစစ်ကောင်စီရဲ့ ချေမှုန်းမှုကြောင့် ချည့်နဲ့သွားလိမ့်မယ်လို့လည်း ယူဆခဲ့ကြတယ်။ လက်တွေ့အားဖြင့်တော့ မြေပြန့်အညာပြည်မဟာ ၂၁ ရာစုအတွင်း မြန်မာပြည်မှာ အသစ်ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးရဲ့ မီးရှူးတန်ဆောင် ဖြစ်ခဲ့တယ်။ မြေပြန့်အညာပြည်မရဲ့ ရုန်းကန်အားကြောင့် တခြားသော တော်လှန်ရေးဒေသတွေမှာ ရန်သူစစ်ကောင်စီရဲ့ အာရုံစိုက် ထိန်းချုပ်ထားနိုင်စွမ်းကို အားနည်းချက် တပုံတပင် ဖြစ်လာစေခဲ့တယ်။

MoD ၏ ဦးစားပေးစဥ်းစားချက်က မှားခဲ့သလား

ကိုယ့်အနေနဲ့ကတော့ MoD ဟာ မြေပြန့်အညာပြည်မရဲ့ လက်နက်ကိုင်တော်လှန်မှုကို ပံ့ပိုးဖို့ရာ လုံးဝ လျစ်လျူရှုတယ်လို့ မယူဆပါဘူး။ MoD ဟာ အကန့်အသတ်နဲ့ရှိနေတဲ့ အရင်းအမြစ်ကို လက်ရှိ လောင်မြိုက်နေတဲ့ အညာတော်လှန်ရေးမီးပုံထဲ မီးစာအဖြစ် အဆက်မပြတ် ထည့်နေရရင်း ကုန်ခန်းသွားမလား၊ တည်ဆောက်ဖို့ရာ နှောင့်နှေးသွားမလားဆိုတဲ့ စဥ်းစားချက်တွေတော့ ရှိခဲ့ဟန်တူတယ်။ ဒါကြောင့်လည်း တောင်တန်းဒေသတွေမှာ တပ်တည်ဆောက်ရေးအတွက် ငွေအရင်းအမြစ်ရာခိုင်နှုန်း များများသုံးပြီး အညာပြည်မရဲ့ စစ်မီးပွားကိုတော့ မီးမသေရုံလောက် ပံ့ပိုးထားခဲ့ဟန်တူတယ်။

မြေပြန့်အညာပြည်မဟာ အဆိုပါ အကြောင်းအချက်များကို အမျက်ဒေါသအဖြစ် ထုတ်ဖော်လာတယ်။ ကွပ်ကဲမှုကို အယုံအကြည်နည်းသလို ဖြစ်လာတယ်။ ဒီပြဿနာတွေဟာ တာဝန်ရှိသူတွေကိုယ်တိုင် မြေပြင်ဆင်းပြီး ရင်ဘတ်ချင်း စေ့စပ်ဆွေးနွေး ဖြေရှင်းကြရမယ့် လုပ်ငန်းစဥ်တရပ် ဖြစ်လာဖို့လိုသလား ဆိုတာ မြေပြင်ခေါင်းဆောင်တွေ ကိုယ်တိုင် ဖြေကြရမယ့်မေးခွန်း ဖြစ်လိမ့်မယ်။

စစ်ကောင်စီ၏ အာရုံစိုက်မှုကို ခံလာရသည့် ပြည်မဒေသ

အထက်ကဆိုခဲ့သလို အညာပြည်မဟာ အလွန်ခက်ခဲတဲ့ စုစည်းမရမှု၊ ချည့်နဲ့တဲ့ ကွပ်ကဲမှု ပုံစံတွေကြောင့် ဟန်ချက်ညီစွာ ပူးပေါင်းတိုက်ခိုက်ရတဲ့ စစ်ဆင်ရေးကြီးတွေမှာ အလုပ်ဖြစ် အောင်မြင်မှုအပေါ် ထိခိုက်ခဲ့ရတယ်။ တစုတဖွဲ့ တရင်းချင်းစီရဲ့ နိုင်သလောက် ရုန်းကန်တိုက်ခိုက်မှုတွေမှာသာ အလုပ်ဖြစ်ခဲ့တယ်။ ဒီပြဿနာတွေဟာ နည်းဗျူဟာအရ အောင်မြင်ပြီး မဟာဗျူဟာမြောက် တပ်စုစည်းမှုနဲ့ ထိုးဖောက်စစ်ဆင်နိုင်မှုတွေမှာ ရိုက်ခတ်မှု  ဖြစ်လာတယ်။

သည်အနေအထားမှာ ရန်သူစစ်ကောင်စီရဲ့ အာရုံထဲ ပြည်မကို ပြန်လည်ခြေကုပ်ယူသင့်ပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံတွေ ညံလာဟန်တူတယ်။ အနောက်ဘက်စစ်မျက်နှာဖြစ်တဲ့ ရခိုင်စစ်ပွဲကို ထိန်းနိုင်စွမ်းမရှိတော့ရင် ဘာဆက်လုပ်ကြမလဲ၊ စစ်မီးဝိုင်းနေပြီ၊ ထွက်ပေါက်ပိတ်လာပြီ ဆိုတဲ့ စစ်အပေါ် ရှုမြင်ပုံတွေ ပြောင်းလာခဲ့ဟန်တူတယ်။ မြန်မာစစ်တပ်သမိုင်းမှာ မကြုံဘူးလောက်အောင်ပင် အကြီးအကျယ် အရေးနိမ့်မှုကြီးဟာ အရှေ့မြောက်ဒေသမှာ ဖြစ်ပေါ်ခဲ့တယ်။ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်ထဲကနေ ပဲခူးရိုးမ အရှေ့နဲ့အနောက် ရန်ကုန်-မန္တလေးကားလမ်းမကြီး၊ စစ်တောင်းမြစ်အရှေ့နဲ့အနောက် စသဖြင့် တစတစ စိမ့်ဝင်ထိုးဖောက်လာတဲ့ တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားမှုဟာ နေပြည်တော်နဲ့ မဝေးလှတဲ့အထိ ဖြစ်လာတယ်။

စစ်ဆင်ရေး ၀၃၀၇ လို့ အမည်ပေးကြတဲ့ ကချင်ပြည်နယ်တွင်း စစ်မီးဟာ တစတစ တောက်လောင်လာတယ်။ KIA ဟာ ၂၀၂၅ ခုနှစ်မှာမှ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေကို အဆုံးမသတ်နိုင်ခဲ့သော်ဆိုတဲ့ စဥ်းစားချက်ကြောင့်ပဲ ကချင်ပြည်နယ်အတွင်း ကျယ်ပြန့်တဲ့ နယ်မြေထိန်းချုပ်နိုင်မှု ရလာရေးကို အာရုံစိုက်လာဟန်တူတယ်။ KIA အနေနဲ့က ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ အနေအထားမျိုး၊ ရှမ်းမြောက် ကိုးကန့်နဲ့ တအာင်းတပ်တွေရဲ့ အောင်မြင်မှုမျိုး၊ ရက္ခိုင့်တပ်တော် (AA) ရဲ့ အာမခံချက်ခိုင်မာလာတဲ့ နယ်မြေထိန်းချုပ်နိုင်မှု ကျယ်ပြန့်လာခြင်းမျိုးကို ရချင်လာသလို ရလည်း ရသွားမှာလို့ ယူဆတယ်။

ဖက်ဒရယ်ပြည်ထောင်စုကိစ္စ ဆက်ဆွေးနွေးကြမယ်။ မဆွေးနွေးလည်း ပြည်နယ်တွေကို ရနေပြီ။ အညာပြည်မ အတွက်ကိုတော့ NUG MoD ကပဲ ဆက်လက်ရုန်းကန်ကြပါ၊ ကိုယ်တိုင် တိုက်ယူကြပါ၊ ကိုယ့်ပြဿနာ ကိုယ့်ဘာသာ ဖြေရှင်းကြပါဆိုတဲ့ ပုံစံမျိုး ဖြစ်လာနိုင်လားလို့ ယူဆစရာရှိတယ်။

ရန်သူစစ်ကောင်စီ အနေနဲ့ကတော့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေရဲ့ နယ်မြေထိန်းချုပ်နိုင်မှုကို အသိအမှတ်ပြုမှု မရှိခဲ့ပေမဲ့ လတ်တလော အခြေအနေအရ အကြီးအကျယ် ပြန်လည်ထိုးစစ်ဆင်နိုင်စွမ်း မရှိလို့ အံကြိတ်နေရ၊ အပစ်အခတ်ရပ်စဲရေးနဲ့ ထိန်းထားလိုတဲ့ စဥ်းစားချက်တွေ ရှိလာတယ်လို့ ယူဆရတယ်။

တဆုတ်တည်း ဆုတ်နေရတဲ့ တပ်အင်အားတွေကို ပြန်လည်စုစည်းပြီး လျော့ရဲ ပြဿနာ များပြားနေတဲ့ စစ်ကိုင်းတိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးဟာ စစ်ကောင်စီရဲ့ ပြောင်းလဲလာတဲ့ စစ်ရေးရည်မှန်းချက်ကြီး ဖြစ်လာနေခဲ့တယ်ဆိုတာ မြင်သာလာတယ်။

အစုအဖွဲ့တိုင်းအတွက် အဆုံးအဖြတ်နှစ် မတူညီနိုင်

၂၀၂၅ ခုနှစ်မှာ KIA ရဲ့ နယ်မြေထိန်းချုပ်နိုင်မှုအပေါ် အာမခံချက် အတိုင်းအတာ ဘယ်ထိခရီးရောက်မလဲ၊ ရက္ခိုင့်တပ်မတော်ရဲ့ အောင်မြင်မှု၊ တအာင်းတပ်မတော်၊ ကိုးကန့်တပ်မတော်၊ ချင်း၊ ကရင် စသဖြင့် တိုင်းရင်းသားတပ်တွေရဲ့ အဆုံးအဖြတ်နှစ်ဟာ ကျယ်ပြန့်သော နယ်မြေထိန်းချုပ်နိုင်ရေးကို အာမခံချက်ရှိသော အောင်မြင်မှုလို့ သတ်မှတ်မလား၊ သို့တည်းမဟုတ် စစ်ကောင်စီ လုံးဝရှုံးနိမ့်ပြုတ်ကျတဲ့အထိ ဟန်ချက်ညီညီ ဆက်လက် တိုက်ခိုက်နေကြဦးမလား ဆိုတာ ဝေဖန်ယူဆချက်တွေ ရှိပါတယ်။

NUG MoD အနေနဲ့ကတော့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေဟာ ကျယ်ပြန့်သော နယ်မြေထိန်းချုပ်နိုင်မှု ရရှိပြီး စစ်ကောင်စီကို ဆက်လက်ဖိအားပေး မတိုက်ခိုက်ခဲ့သော်ဆိုတဲ့ အချက်ကို ထည့်သွင်းစဥ်းစားဖို့ လိုအပ်ပါလိမ့်မယ်။

ပြည်မရဲ့ တော်လှန်ရေးအင်အားစုများအပေါ် ကွပ်ကဲနိုင်မှု အကျပ်အတည်းဟာ NUG MOD အတွက် အဓိကဖြေရှင်းရမယ့် ပြဿနာ ဖြစ်လာပါမယ်။

အထူးသဖြင့် စစ်ကိုင်း၊ မကွေးဒေသဟာ စစ်ကောင်စီနဲ့ NUG MOD တို့သာ ထိုးသတ်တဲ့ လက်ဝှေ့ကြိုးဝိုင်းသဖွယ် ဖြစ်လာနိုင်ခြေ ရှိပါတယ်။

၂၀၂၅ ခုနှစ်ဟာ NUG MOD အတွက် အဆုံးအဖြတ်နှစ် ဖြစ်ဖို့ဆိုရင်တော့  . . . . . ။

မောင်မိုးမာန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024