Home
မေးမြန်းခန်း
ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးယန္တရားတွေ ဘယ်လို လုပ်ဆောင်နေလဲ
နော်နိုရင်း
·
March 14, 2024

ကရင်နီပြည်နယ်ဟာ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေကို ချမှတ်ပြီး ဦးဆောင်အုပ်ချုပ်မှုကို သွားနေတဲ့ ပြည်နယ် ဖြစ်တယ်။ အဲဒါနဲ့ပတ်သက်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး (၂) ဗညားခွန်အောင်ကို DVB က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ပထမဆုံးအနေနဲ့ လက်ရှိ ကရင်နီပြည်ဟာ တော်လှန်ရေးကာလနောက်ပိုင်းမှာ အုပ်ချုပ်ရေးအပိုင်း၊ တရားစီရင်ရေးအပိုင်း၊ ဥပဒေပြုရေးအပိုင်း ကြားကာလအစီအမံတွေ လုပ်ဆောင်နေတယ်။ အဲဒါကို ဆရာတို့ ဘယ်လို စတင်ခဲ့တယ်ဆိုတာ ပြောပြပေးပါဦး။

ဖြေ - “ကျနော်တို့ ဖြစ်စဉ်တခုကို ကြည့်မယ်ဆိုရင် ပြည်ထောင်စုအဆင့်မှာ ဖြစ်ထွန်းခဲ့တဲ့ NUCC အခင်းအကျင်းနဲ့ အားလုံးသိတဲ့ (Federal Democracy Charter Part1-) FDC 1၊ FDC 2 ဆိုတဲ့ ဒီဖြစ်တည်မှုကလည်း ဒီကနေ ဆင်းသက်လာတယ်လို့ ပြောလို့မမှားဘူး။ အထူးသဖြင့် ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီ Federal Democracy Charter one မှာဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို ကြည့်မယ်ဆိုရင် နိုင်ငံရေးအရ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီ ချီတက်သွားမယ်ဆိုတဲ့ စဉ်းစားချက်တွေ၊ ကြေညာချက်တွေ အဲဒီမှာပါတယ်။ တချိန်တည်းမှာပဲ IEC အကြောင်း အုပ်ချုပ်ရေးအကြောင်းတွေ မပြောခင်မှာ KSCC အကြောင်းကိုလည်း နည်းနည်းပြန်ပြောဖို့ လိုပါတယ်။ ကျနော်တို့ပြည်နယ်ကလည်း ပြည်ထောင်စုကြီးမှာ အတူတကွ ယှဉ်တွဲနေထိုင်မယ်ဆိုတဲ့ ကျနော်တို့ရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေရှိတယ်။ အဲဒါကို အကောင်အထည်ဖော်တဲ့နေရာမှာ တော်လှန်ရေး အခင်းအကျင်း ကိုယ့်ပြည်နယ်ထဲမှာလည်း နိုင်ငံရေးအရ ဦးဆောင်မှုကဏ္ဍကို ထိန်းညှိဖို့အတွက် ကျနော်တို့က KSCC ကို စတင်ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ အဲဒါ နံပါတ်တစ် အချက်ပါ။ ကျနော်တို့ KSCC ကလည်း FDC 1 အရ ကြည့်မယ်ဆိုရင် ပြည်နယ်နဲ့ ပြည်ထောင်စုအကြားမှာ ရှိနေတဲ့ နိုင်ငံရေးအရ ချိတ်ဆက်ပြီးသွားနေတဲ့ process အတိုင်း သွားနေတာ ဖြစ်ပါတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ KSCC က နိုင်ငံရေးအရ ဦးဆောင်မှုအခန်းကဏ္ဍ ယူတယ်။ ပြည်နယ်ကိုလည်း ပီပြင်တဲ့ ပြည်ထောင်စုသဏ္ဌာန် ဖက်ဒရယ်စနစ်ကို ထူထောင်ဖို့အတွက် ဦးဆောင်မှုတခုနဲ့ နိုင်ငံရေးအရ ထိန်းကျောင်းဦးဆောင်တဲ့ ပုံစံတခုအပြင် ကျနော်တို့ပြည်နယ်က စစ်လည်း ဖြစ်နေတယ်။ တစုံတရာသော လူထုဝန်ဆောင်မှုတွေ ပေးဖို့ လိုအပ်လာတယ်ဆိုတဲ့ စဉ်းစားချက်တွေ အများကြီး ရှိတယ်။ အထူးသဖြင့် ကျနော်တို့ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ သိန်းနဲ့ချီ ဖြစ်သွားတယ်။ အဲဒါကို ဦးဆောင်နိုင်ဖို့အတွက် ဘယ်လို သွားစဉ်းစားလဲဆိုတော့ ကျနော်တို့ အုပ်ချုပ်ရေးယန္တရားတခု ထူထောင်ဖို့ လိုအပ်တယ်ဆိုတဲ့ စဉ်းစားချက်ပေါ့။ 

“ဒီဟာက ဘယ်မှာ အခြေခံလဲဆိုတော့ ကျနော်တို့ ပြောပြောနေကြတဲ့ ကြားကာလ အစီအမံပဲ ဖြစ်ပါတယ်။ အဲတော့ ဥပဒေကြောင်းအရ ဒီနိုင်ငံကို အုပ်ချုပ်ဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိဖို့လိုပါတယ်။ ဒါပေမဲ့ လက်ရှိ တော်လှန်ရေး အခြေအနေမှာ အဲဒီလောက်အထိ ကျနော်တို့ သွားလို့မရသေးတဲ့ အခြေအနေရှိတယ်။ အဲဒါကြောင့်မို့ အလွယ်ကူဆုံးဖြစ်အောင် KSCC မှာ ကျနော်တို့ သဘောထားချပြီးတော့ ကြားကာလ အစီအမံ စပြီးရေးဆွဲခြင်းကို အခြေခံပြီးတော့ IEC က အဆင့်လိုက် ပေါ်ထွက်လာတာ ဖြစ်တယ်လို့ ကျနော်တို့ ကနဦး ပြောလို့ရပါတယ်။”

မေး - KSCC ကို စပြီး စုဖွဲ့တဲ့နေရာမှာ ကရင်နီပြည်နယ်မှာဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း အများကြီးရှိတယ်။ တဘက်မှာလည်း ပါတီကလည်း အမျိုးမျိုးရှိတယ်။ NLD ပါတီ ရှိမယ်၊ KSDP ပါတီ ရှိမယ်။ ဆိုတော့ အဲဒီဟာကို ဘယ်လို စုဖွဲ့တာလဲ။

ဖြေ - “KSCC ရဲ့ စုဖွဲ့မှုက ဧပြီလ ၉ ရက် ၂၀၂၁ မှာ ကျနော်တို့ စစုဖွဲ့ခဲ့တယ်။ ဒါလည်း နိုင်ငံရေးအရ အတူတကွ ကျနော်တို့ပြည်နယ်ရဲ့ နိုင်ငံရေးအခင်းအကျင်း လမ်းကြောင်း ဦးဆောင်မယ်ဆိုတဲ့ စဉ်းစားချက်ပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက လူထုတော်လှန်ရေး ဖြစ်တယ်။ ဒီမိုကရေကို လိုလားတယ်၊ ဖက်ဒရယ်ဒီမိုကရေစီကို ချီတက်မယ်ဆိုတဲ့ အစုအဖွဲ့တွေနဲ့ ပေါင်းစည်းတယ်လို့ ပြောလို့ မမှားဘူး။ ကျနော်တို့ အဓိက ဒေါက်တိုင်ကြီး လေးခုနဲ့ စတင်စုဖွဲ့တယ်။ နံပါတ်တစ်က နိုင်ငံရေးပါတီတွေ ပါတယ်။ အဲဒီအစုအဖွဲ့မှာ အဓိက NLD ပါတယ်၊ အရင်တုန်းကတော့ KySDP ခေါ်တဲ့ အခု KSDP ဖြစ်သွားတယ်ပါတယ်။ KNPP အမျိုးသားပါတီ။ ဒါ နိုင်ငံရေး အစုအဖွဲ့တွေ။ တခြားတဖက်မှာလည်း ရှိရင်းစွဲ နှစ်ပေါင်းများစွာ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EROs အစုအဖွဲ့တွေ ရှိပါတယ်။ အဲဒီအစုအဖွဲ့တွေကြားမှာလည်း ပေါင်းစည်းပြီး‌တော့ ဒေါက်တိုင်တခုအဖြစ် ပေါင်းစည်းပြီးတယ်။ အဲဒီမှာ ကျနော်တို့ KNPP -ကရင်နီအမျိုးသားတိုးတက်ရေးပါတီပါတယ်။ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF – ကလလတ) ပါတယ်။ နောက် ကရင်နီ အမျိုးသား သွေးစည်းညီညွတ်ရေးအဖွဲ့ KNSO (ခေါ်) ကြယ်ဖြူ၊ ကယောနီလို့ခေါ်တဲ့ KNPDP၊ ကယန်းပြည်သစ်ပါတီ (KNP) အဲဒါတွေ ပါခဲ့ပါတယ်။ ဒါ ဒေါက်တိုင်တခု။ 

“နောက်တခုက ၂၀၂၀ မှာ အနိုင်ရ လွှတ်တော်ကိုယ်စားပေါ့။ ကျနော်တို့အနေနဲ့ ၂၀၀၈ ကို ပျက်ပြယ်ပြီလို့ ပြောတာ လက်ခံတယ်။ သို့ပေမဲ့လည်း ၂၀၂၀ မှာ အနိုင်ရတဲ့သူတွေက လူထုတွေရဲ့ ကိုယ်စားလှယ်အနေနဲ့ လူထုတွေရဲ့ယုံကြည်မှုနဲ့ ဖြစ်ထွန်းလာတဲ့ ၂၀၂၀ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါတယ်။ ဒါက ၂၀၀၈ ကို အခြေခံပြီး ပြောတာ မဟုတ်ဘဲနဲ့ လူထုကို ကိုယ်စားအနေနဲ့ ရယူတဲ့ ပုံစံတမျိုး ဖြစ်တယ်။ ဒါက ဒေါက်တိုင်တခု။  နောက်တခု ကျနော်တို့ ဒီဘက် အမျိုးသမီးနဲ့ လူငယ်အင်အားစုတွေ။ ဒီမှာလည်း သပိတ်ကော်မတီတွေ ပါတယ်။ အဓိက ကျနော်တို့ ပြည်နယ်ထဲမှာ ကြည့်လိုက်တော့ ပြည်နယ်အရေးနဲ့ ပတ်သက်လာရင်၊ ဒီမိုကရေစီအရေးနဲ့ ပတ်သက်လာရင်၊ ဖက်ဒရယ်အရေးနဲ့  ပတ်သက်လာရင် အမြဲတမ်း တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့တဲ့ လူငယ်တွေ ဖြစ်တယ်။ သပိတ်ကာလမှာလည်း လူငယ်တွေ၊ အမျိုးသမီးအစုအဖွဲ့တွေက ဦးဆောင်ခဲ့တာ အများကြီး ပါတယ်။ အဲဒါ အစုအဖွဲ့တခု။ နောက်ဆုံး အစုအဖွဲ့တခုကတော့ အရပ်ဘက် အဖွဲ့အစည်းနဲ့ တတ်သိပညာရှင်များ အစုအဖွဲ့ ပါပါတယ်။ ဒီလိုအစုအဖွဲ့ပုံစံမျိုး ကိုယ်စားလှယ်တွေ စေလွှတ်ပြီးတော့ KSCC မှာ လာရောက်စုဖွဲ့ခြင်း ဖြစ်တယ်ပေါ့။”

မေး - IEC ကြားကာလအုပ်ချုပ်ရေးကောင်စီကို စပြီးဖွဲ့တဲ့အခါမှာ ဘယ်လိုပုံ သဏ္ဌာန်တွေနဲ့ ဖွဲ့လဲ။ အခုလက်ရှိဆိုရင် အုပ်ချုပ်ရေး၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးက ဘယ်လောက်အထိ ဘယ်နယ်မြေဒေသတွေမှာ စပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီလဲ ပြောပြပေးပါလား။

ဖြေ - “ဟုတ်ကဲ့ပါ။ ကြားကာလအစီအမံကိုတော့ ကျနော်တို့ စရေးဆွဲတာက ၂၀၂၁ နှစ်လယ်ပိုင်း ဩဂုတ်၊ စက်တင်ဘာလလောက်မှာ စခဲ့တာ။ အားလုံးအပြီးအစီးက ၂၀၂၂ နှစ်ကုန်ပိုင်းအထိ အကြမ်းဖျင်း ရေးဆွဲပြီးလို့ ပြောလို့ရတယ်။ အားလုံး အတည်ပြုမှု process ကို ဘယ်အချိန်မှာ စလုပ်လဲဆိုတော့ ၂၀၂၃ ဇန်နဝါရီလထဲမှာ ကြားကာလအစီအမံကို အတည်ပြုနိုင်ခဲ့တယ်။ ကြားကာလအစီအမံရဲ့ အတိုင်းပဲ IEC ကို ကျနော်တို့ ၂၀၂၃ ဇွန် ၆ ရက်မှာ စုဖွဲ့နိုင်တယ်။ ကြေညာတာကတော့ ဇွန် ၁၂ ရက်နေ့မှာ စတင်ကြေညာတယ်ပေါ့။ 

အဲဒါက ကြားကာလအစီအမံပြဌာန်းချက်နဲ့အညီ ကျနော်တို့ IEC ကို ကျနော်တို့ စုဖွဲ့ခြင်း ဖြစ်တယ်။ အစိုးရတရပ် စုဖွဲ့ခြင်း၊ ဖွဲ့စည်းခြင်း ဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ရရတယ်။ အစီအမံပါအတိုင်းပဲ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေကိုတော့ KSCC မှာ ပါနေတဲ့ အင်အားစုတွေကနေ သူ့ရဲ့အင်အားစုအလိုက်တင်သွင်းလာတယ်။ တင်သွားတဲ့သူတွေကို ကျနော်တို့ KSCC ကြားမှာ မဲပေးစနစ်နဲ့ ရွေးကောက်တင်မြှောက်တဲ့စနစ်နဲ့ သွားခြင်း ဖြစ်ပါတယ်။ အဲဒီတော့ သက်ဆိုင်ရာအစုအဖွဲ့တွေက ကိုယ်စားလှယ် ပို့တယ်။ ပြီးတော့မှ အားလုံးကို ပြန်ကြည့်ပြီးတော့မှ ဥက္ကဋ္ဌ၊ ဒုက္ကဋ္ဌ ဝိုင်းရွေးကြတယ်။ ဒါ နံပါတ်တစ်အဆင့် process နဲ့ သွားခြင်း ဖြစ်တယ်။ အဲဒါနဲ့အညီပဲ။ ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌက ကတ်ဘိနက်တခု အရင်ဖွဲ့ဖို့ လိုအပ်လာတယ်။ ဘယ်လိုဖွဲ့လဲဆိုတော့ ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌက ကတ်ဘိနက်အဖွဲ့မှာ ပါဝင်မယ့် အထွေထွေအတွင်းရေးမှူး (၁)၊ အတွင်းရေးမှူး (၂)၊ ဘဏ္ဍာရေးမှူးတွေကို ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌက လိုက်လံရှာဖွေပြီး ဖြစ်နိုင်ခြေရှိတဲ့လူတွေကို ချဉ်းကပ်တယ်၊ ပြောဆိုတယ်။ ဖြစ်နိုင်ခြေရှိတဲ့ position ကို arrange လုပ်တယ်။ ပြီးတော့မှ ဒီလူတွေကို KSCC ကို ပြန်တင်ပြရတယ်။ ဘာကြောင့်တင်ပြလဲဆိုတော့ အသွင်ကူးပြောင်းရေးအစီအမံရ ဒီလူတွေက Criteria တွေ ရှိတယ်။ ကျနော်တို့ပြည်နယ်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ ပါတယ်၊ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ပါရမယ်။ ကရင်နီပြည်နယ်မှာကလည်း ပြည်နယ်သူပြည်နယ်သား ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်။ အဲဒီနဲ့အညီ KSCC ကနေ ဆန်းစစ်ပြီးတော့မှ အတည်ပြုပေးလိုက်တယ်။ အဲဒီကနေ အခြေခံပြီး IEC အုပ်ချုပ်ရေးယန္တရားကြီးရဲ့ အဓိကကျတဲ့ ကတ်ဘိနက်ဘော်ဒီပဲ ပြောပြော၊ ကောင်စီဝင် ၆ ဦးနဲ့ ကျနော်တို့ ဖွဲ့စည်းပြီးတော့ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာကို စတင်မိတ်ဆက်ခြင်းဆိုတဲ့ process နဲ့ သွားတာ ဖြစ်ပါတယ်။”

မေး - အုပ်ချုပ်ရေးယန္တရားက ပြည်နယ်တွင်းမှာ ဘယ်လောက်ထိ သက်ရောက်မှု ရှိနေပြီလဲ။ ဝန်ကြီးဌာနကရော ဘယ်လောက်ထိရှိပြီး ဘယ်လိုတွေ အုပ်ချုပ်နေလဲဆိုတာ နည်းနည်းပြောပြပါလား။

ဖြေ - “ကျနော်တို့က ၆ ဦး စုဖွဲ့မှုနောက်ပိုင်းမှာ စပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်အောင် မဟာဗျူဟာတွေ ကျနော်တို့ စတင်ရေးဆွဲတယ်။ အဲဒီဟာက ဘာလဲဆိုတော့ သက်ဆိုင်ရာဌာနတွေကို ကျနော်တို့ စုဖွဲ့နိုင်ဖို့ ဖြစ်ပါတယ်။ ဘယ်ဌာန စုဖွဲ့မလဲဆိုတာ မစဉ်းစားခင်မှာ ဒီပြည်နယ်ကို ဘယ်လိုမျိုးပုံစံနဲ့ စနစ်တကျ ချိတ်ဆက် ပေါင်းစပ် အုပ်ချုပ်သွားမလဲဆိုတဲ့ မဟာဗျူဟာကို ကျနော်တို့ အရင်စဉ်းစားကြပါတယ်။ မဟာဗျူဟာ ၈ ချက်နဲ့ ကျနော်တို့ သွားပါတယ်။ မဟာဗျူဟာ ၈ ချက်အရ လိုအပ်ချက်ဖြစ်တဲ့ ဌာနတွေကို ကျနော်တို့က စတင်စုဖွဲ့ပါတယ်။ လောလောဆယ် အနည်းဆုံး ဌာန ၁၂ ခုကို စုဖွဲ့မယ်လို့ လျာထားပါတယ်။ ခုချိန်ထိကတော့ ဌာန ၈ ခုကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့တယ်။ အဲဒါမဖြစ်မနေ စုဖွဲ့ရမယ့် ဌာနတွေကို စုဖွဲ့တယ်။ ဆက်တိုက် နောက်ထပ်နောက်ထပ်ဌာနတွေကို စုဖွဲ့မယ်ဆိုတဲ့ စဉ်းစားချက်ပေါ့။ လောလောဆယ်တော့ ပြည်ထဲရေးဌာနကို ကျနော်တို့ အောင်အောင်မြင်မြင် စုဖွဲ့နိုင်ခဲ့တယ်။ နောက်ပြီးတော့ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန၊ အမျိုးသမီးနဲ့ ကလေးသူငယ်ဌာန၊ အခွန်ဘဏ္ဍာစီမံဌာန၊ တရားရေးဌာန၊ နောက်ဆုံးကတော့ စီးပွားကူးသန်း ရောင်းဝယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးပေါ့။ ဒီဌာနကြီး ၈ ခုကို ကျနော်တို့ အောင်အောင်မြင်မြင် ဖွဲ့စည်းပြီးတော့ အခုဆိုရင် သက်ဆိုင်ရာဌာနအလိုက် သူ့ရဲ့မဟာဗျူဟာလေးတွေ ရှိကြတယ်။ အဲဒီမဟာဗျူဟာအပေါ် အခြေတည်ပြီး သူတို့လုပ်ငန်းစဉ်တွေ၊ အခုဆိုရင် ၆ လ တဖြတ် ရသုံးမှန်းခြေ အစီအမံတွေ၊ ပလန်တွေ ရေးဆွဲတယ်။ ဒီပလန်တွေနဲ့အညီ လူထုရဲ့ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးနေတာ ရှိပါတယ်။”

မေး - ကရင်နီပြည်နယ်မှာ မြို့နယ် ၇ ခုစလုံးကို အဓိက လွှမ်းခြုံနိုင်ပြီလား။ ဘယ်ဒေသတွေကို လွှမ်းခြုံလဲပေါ့။ အခုန  IEC ရဲ့ အုပ်ချုပ်ရေးယန္တရားအရ အဓိက လွှမ်းခြုံနိုင်ပြီလဲ။

ဖြေ - “ကြားကာလအစီအမံမှာတော့ ကရင်နီပြည်နယ်လို့ ပြောလိုက်ရင် အနည်းဆုံး ဖယ်ခုံမြို့နယ် အပါအဝင် ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ၈ မြို့နယ် ပြောလို့ရတယ်။ အခု ကြားကာလအစီအမံမှာတော့ ၁၆ အပေါင်း ၃ ပေါ့။ ဆိုလိုတဲ့အဓိပ္ပာယ်က လက်ရှိ  ၇ မြို့နယ်ရှိနေတဲ့ ကယားပြည်နယ်လို့ သိတဲ့ ဒီပြည်နယ်လေးကို ၁၆ မြို့နယ် ပုံစံနဲ့ စဉ်းစားထားတာ ရှိတယ်။ အပေါင်း ၃ ဆိုတာက ဖယ်ခုံမြို့နယ်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဖြစ်ထွန်းလာမယ့် ကရင်နီပြည်နယ်အသစ်က ၁၆ မြို့နယ် ဖြစ်သွားနိုင်တယ်။ ၁၉ မြို့နယ်လည်း ဖြစ်သွားနိုင်တယ်။ ဒါ အကြမ်းဖျင်းရေးဆွဲထားပြီး သွားနေတဲ့ဖရိန် ဖြစ်တယ်။ လိုတိုးပိုလျှော့တော့ ရှိမယ်ပေါ့။ ကျနော်တို့က အားလုံးကို လွှမ်းခြုံမှုရှိတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်တယ်။

သို့ပေမဲ့လည်း အုပ်ချုပ်ရေးယန္တရား၊ လူထုဝန်ဆောင်မှုတွေ လုပ်တဲ့နေရာမှာ သူ့ရဲ့ဌာနအလိုက် လိုအပ်ချက်အရ ကျနော်တို့ ပူးပေါင်းဆက်နွှယ် ချိတ်ဆက် ဝန်ဆောင်မှုပေးနေတာက နည်းနည်းပါးပါး ကွာဟနိုင်တယ်။ ဥပမာအားဖြင့် သေချာတာတခုက ပညာရေး၊ ကျန်းမာရေးက ရှိရင်းစွဲ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ ဧရိယာမှာ ရှိနေပြီးသား။ အုပ်ချုပ်ရေးပုံစံ၊ ဝန်ဆောင်မှုပုံစံကို ကျနော်တို့ပေါင်းစပ်ညှိနှိုင်းပြီးမှ ကျနော်တို့ လုပ်ဆောင်သွားတာ ရှိတယ်။

ဒါပေမဲ့ လူသားချင်းစာနာထောက်ထားမှုဌာနအနေနဲ့ကတော့ ဘယ်နေရာမဆို လူသားတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး အခက်အခဲတွေရှိတော့ ကျနော်တို့ သွားရတာပဲ။ လူတွေသိနေတဲ့ ကယားပြည်နယ်တင်မကဘူး၊ ကရင်နီပြည်နယ် ဖယ်ခုံမြို့နယ်အထိ အမြဲတမ်း ကူညီပံ့ပိုးမှုတွေ ကျနော်တို့ လုပ်တယ်။ ဝင်ထွက်သွားလာတယ်။ ချိတ်ဆက်ပြီးတော့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရှိတယ်။ အခြေားတခုမှာ ပြည်ထဲရေးဌာနအောက်မှာ ရှိနေတဲ့ လူထုဝန်ဆောင်မှုဌာနပေါ့။ အဓိက KSP (ကရင်နီပြည်ရဲဌာန)ပေါ့။ KSP ကလည်း ဖယ်ခုံမြို့နယ်ထဲမှာ ရဲစခန်းတွေခန်းတွေ သွားရောက်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးတယ်။ ကြားကာလ တရားစီရင်ရေးကလည်း ဖယ်ခုံမြို့နယ်ထဲမှာ ဥပဒေကြောင်းအရ၊ တရားရေးအရ စီမံတာတွေလည်း ရှိပါတယ်။ ဒါကတော့ ကရင်နီပြည်နယ် ဆိုတဲ့ ဝေါဟာရအောက်မှာ အားလုံး အကျုံးဝင်တယ်။ ဝန်ဆောင်မှုတွေပေးတယ်။ ဒါပေမဲ့ ဌာန တခုချင်းစီ လုပ်ငန်းအပေါ်မှာ မူတည်ပြီးတော့ အနည်းနဲ့အများ ဒေသအလိုက် ကွဲပြားမှုတော့ ရှိနေပါတယ်။”

မေး - အုပ်ချုပ်ရေး စပြီးလည်ပတ်နေတဲ့အချိန်မှာ ကရင်နီပြည်နယ်မှာ CDM တွေ အများကြီး ရှိတယ်ပေါ့။ အဲဒီ CDM တွေရဲ့ အခန်းကဏ္ဍကကော ဘယ်လိုထည့်သွင်းလုပ်ဆောင်တာ ရှိလဲ။

ဖြေ - “ကျနော်တို့ အုပ်ချုပ်ရေးယန္တရားအောက်မှာ ဌာနတွေအများကြီး စုဖွဲ့ထားတယ်ပေါ့။ ဌာနတိုင်းလိုလိုမှာ CDM တွေ ပါပါတယ်။ ဥပမာအားဖြင့် ခုနောက်ဆုံး စာရင်းစစ်ဌာနကို ကျနော်တို့စပြီး အသိပေးကြေညာတယ်။ လူတွေ စခေါ်တယ်။ အဓိက ဦးစားပေးတာ CDM တွေပဲ။ ကျနော်တို့ ကြော်ငြာတွေထဲမှာ ကြည့်လိုက်ရင်လည်း CDM တွေကို ဦးစားပေးပြီးတော့ ခေါ်တယ်။ အတွေ့အကြုံရှိတဲ့ CDM တွေကို ဦးစားပေးခေါ်ခြင်း ဖြစ်တယ်။ ကျန်တဲ့ဌာနတော်တော်များများမှာလည်း မြေပြင်မှာ လုပ်ငန်းအတွေ့အကြုံရှိခဲ့တဲ့ CDM တွေ အများကြီး ပြန်လည်စုဖွဲ့တာတွေ၊ တာဝန်ပြန်လည်ပေးအပ်တာတွေ အများကြီး ရှိပါတယ်။”

မေး - နောက်တခု ဆက်မေးမြန်းချင်တာက မနေ့က စတင်လိုက်တဲ့ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲက တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဒီနှစ်မှာ ဖြေဆိုသူက အရမ်းကို နည်းသွားတယ်။ ဒါပေမဲ့ ကရင်နီပြည်နယ်မှာ စာစစ်ဌာန လုံးဝမရှိတော့ဘူး ဖြစ်သွားတယ်။ ဆိုတော့ ကလေးတွေရဲ့ ပညာရေးစနစ်နဲ့ပတ်သက်ပြီးတော့ရော IEC အနေနဲ့ ဘယ်လို စီမံဆောင်ရွက်နေလဲ နည်းနည်းပြောပြပေးပါလား။

ဖြေ - “ဟုတ်ကဲ့ပါ။ ဒါကတော့ လက်ရှိအခြေအနေမှာ ပညာရေးဌာန အဓိကသွားတဲ့ ဖရိန်တခု ရှိပါတယ်။ ပညာရေးဌာနအောက်မှာ အခြေခံ၊ အဆင့်မြင့်၊ သက်မွေး ဆိုပြီး ဌာနခွဲတွေ ရှိပါတယ်။ အခု ကျနော်တို့ဆီမှာ ဘာတွေရှိပြီလဲဆိုတော့ ရှိရင်းစွဲ အစုအဖွဲ့ အင်အားစုတွေနဲ့ IEC က စုဖွဲ့ပြီးတော့ Nursing University ရှိတယ်၊ နောက်ပြီးတော့ Medical College တွေ ရှိတယ်။ Teacher Collage ဆရာဖြစ်သင်ကောလိပ်တွေ ရှိနေပြီ။ ဒါတွေအားလုံးက IEC ကနေထိန်းချုပ်လား၊ IEC ကျောင်းလားဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် IEC ပညာရေးဌာနကနေ ချိတ်ဆက် ပံ့ပိုးကူညီပေးပြီး သွားနေတဲ့ကျောင်းတွေ ဖြစ်ပါတယ်။ အခုလည်း ကျနော်တို့ ထပ်ကြိုးစားနေတာ ရှိပါတယ်။ လာမယ့်နှစ်ထဲမှာ အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ဖို့ ကျနော်တို့ ကြိုးပမ်းနေတာ တခုက University ပဲ။ Karenni University ကို ကျနော်တို့ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါက စစ်ကောင်စီဘက်က  ရှိရှိ မရှိရှိ စစ်ကောင်စီရဲ့ အလုပ်။ ကျနော်တို့ပြည်နယ်ရဲ့ လူသားအရင်းအမြစ် ကလေးတွေရဲ့ အနာဂတ် အခွင့်အလမ်းတွေကို IEC အနေနဲ့ ရှိရင်းစွဲ အစုအဖွဲ့တွေနဲ့ ပေါင်းစပ် ညှိနှိုင်းပြီးတော့ တဆင့်ချင်းစီ ထူထောင်သွားမှာ ဖြစ်ပါတယ်။ လောလောဆယ် ကျောင်းပေါင်း ၄၀၀ ကျော် ရှိတယ်။ ကလေးပေါင်း ၃၀,၀၀၀ ကျော် ရှိတယ်။ ဆရာ၊ ဆရာမပေါင်း ၄,၀၀၀ လောက် ရှိတယ်။ အဲဒီဟာနဲ့ ကျနော်တို့ အရင်တုန်းက ရှိရင်းစွဲ ပညာရေးဘုတ်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နေတာ ရှိတယ်။ တချို့ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေ ရှိတယ်။ တချို့ကလည်း အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘာသာရေးအစုအဖွဲ့တွေက ပံ့ပိုးတဲ့ ကျောင်းတွေလည်း ရှိတယ်။ အဲဒါတွေနဲ့ ကျနော်တို့ တွဲလုပ်နေတယ်။ ဒါက လက်ရှိ သွားနေတဲ့ ပညာရေး Flow တခုဖြစ်တာပေါ့နော်၊ အားလုံးက ပညာရေးကို ကလေးတိုင်း လက်လှမ်းမီဖို့အတွက် ဖြစ်တယ်။ Curriculum ကိစ္စကတော့ နောက်မှ ပြောမယ်။ အခြေခံအားဖြင့်တော့ KG+12 ကိုတော့ IEC ရဲ့ ဖရိန်တခု တည်ထားတာ ရှိပါတယ်။”

မေး - အခု ဒီလိုမျိုး IEC က အစုအဖွဲ့တွေ အများကြီး ဖွဲ့ပြီးတော့ တခုတည်းဖြစ်အောင် ဦးဆောင်လာနိုင်တာ အခက်အခဲတွေတော့ ရှိမှာပဲ။ ဒါပေမဲ့ တချို့ဒေသတွေမှာ အနိုင်ရ ကိုယ်စားလှယ်တွေကပဲ ဦးဆောင်ရမယ်၊ သို့မဟုတ် အခုလက်ရှိ တော်လှန်ရေးလုပ်နေသူတွေပဲ ဦးဆောင်ရမယ်၊ အဲဒီလိုမျိုး အငြင်းပွားမှုတွေနဲ့ ထိပ်တိုက်တွေ့ပြီး ရှေ့မဆက်နိုင်တာတွေ ရှိတယ်ပေါ့။ IEC ကကျတော့ အဲဒီလိုမျိုး အခက်အခဲတွေကို ဘယ်လိုကျော်လွှားလဲ။

ဖြေ - “အဓိကကတော့ ကြားကာလအစီအမံတွေကို အခြေခံပြီးတော့ ဒီအခက်အခဲကို ကျနော်တို့ ကျော်လွှားပါတယ်။ ကြားကာလအစီအမံမှာ ကျနော်တို့ Article  ပွင့်ပွင့်လင်းလင်း ပြထားပေးထားတယ်။ ရှိရင်းစွဲအင်အားစု၊ ရှိရင်းစွဲ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ လုပ်ငန်းတွေကို လည်ပတ်၊ အုပ်ချုပ်စီမံမှုကို လုပ်ရမယ်လို့ ရေးထားပြီးသား ဖြစ်တယ်။ နောက်ကြားကာလအစီအမံကလည်း စတင်ရေးဆွဲတဲ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အကုန်ပါတယ်။ ပါတီလည်း အကုန်ပါတယ်။ နောက်မှ အခြေအနေအရ နိုင်ငံရေး အခြေအနေအရ ပြန်လည်နုတ်ထွက်တာ ရှိတယ်။ စတင်ရေးဆွဲတဲ့အချိန်မှာ အတူတူသွားဖို့အတွက် IEC ရဲ့ ဖြစ်ပေါ်နိုင်ဖို့က ကြားကာလအစီအမံကို ဖြစ်အောင် အရင်လုပ်ရတာ။ ရှင်းရှင်းပြောရရင် ဥပဒေတခုပေါ့။ ဒီနိုင်ငံကို ဘယ်လို အုပ်ချုပ်မလဲဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုပါပဲ။ အဲဒါကို ဝိုင်းရေးဆွဲတဲ့အခါမှာ အားလုံး ပါတယ်။ အားလုံး ပါတယ် ဆိုတာက ၁၀၀ ရာခိုင်နှုန်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ တော်တော်များများ ပါဝင်နိုင်အောင် Space တွေ ရှိခဲ့တယ်၊ အခင်းအကျင်းတွေ ရှိခဲ့တယ်၊ အကျေအလည် ငြင်းခုံမှုတွေ ရှိခဲ့တယ်။ နောက်ဆုံးကျမှ ကြားကာလအစီအမံကို အကောင်အထည်ဖော်တာ။ ဒါက အုပ်ချုပ်ရေးယန္တရားတွေ စနစ်တကျ မရှိဘူးဆိုရင် ဒီနိုင်ငံ ဒီပြည်နယ်ကို ဘယ်လို စီမံမလဲဆိုတာ စဉ်းစားကြည့်ရမယ်။ သူတလူ ငါတမင်းနဲ့တော့ အုပ်ချုပ်နေလို့တော့ မဖြစ်ဘူး။ ဖက်ဒရယ်ရဲ့ အနှစ်သာရလည်း ဖြစ်တယ်၊ ကိုယ့်ပြည်နယ် ကိုယ့်ကံကြမ္မာလည်း ကိုယ် ဖန်တီးမယ်။ အုပ်ချုပ်ရေး၊ တရားရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကိုလည်း ပီပီပြင်ပြင် စပြီးကျင့်သုံးရအောင် ဆိုပြီးတော့မှ စတင်လိုက်တာလို့ ပြောလို့ရတယ်။ အားလုံးရဲ့ ပါဝင်မှုကိုတော့ ကြိုးစားတယ်။ အခိုက်အတန့်တခုတော့ အခက်အခဲရှိနိုင်တယ်။ ဒါပေမဲ့ ဒီအတိုင်း ရပ်ကြည့်လို့မရဘူး။ ပေါင်းစပ်ရတယ်၊ ညှိနှိုင်းရတယ်၊ ဆွေးနွေးရတယ်။ ဒီကနေ အခြေခံပြီးတော့ တစစီ၊ တလှမ်းချင်း ရှေ့ဆက်သွားနေပါတယ်။ အဆုံးစွန် အောင်မြင်တဲ့အခြေအနေတော့ မရှိသေးပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်း သွားနေတယ်၊ လုပ်နေတယ်၊ အားလုံးရဲ့ ပါဝင်မှုကလည်း အားကောင်းလာတယ်လို့ ပြောလို့ရပါတယ်။”

မေး - နောက်ဆုံးမေးခွန်းအနေနဲ့ IEC တခုတည်းတင်မဟုတ်ဘဲ ကရင်နီပြည်နယ်ရဲ့ အုပ်ချုပ်မှု၊ တရားစီရင်ရေး၊ ဥပဒေပြုရေး တခုလုံးကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တခြားဒေသတွေမှာ ဒါမျိုးတွေ မရှိသေးဘူးပေါ့။ ကရင်နီပြည်နယ်က ဒီလိုမျိုး စတင်လုပ်ဆောင်လာတဲ့ အနေအထား ရှိလာတယ်ဆိုတော့ ဒီအရာတွေက မြန်မာနိုင်ငံရဲ့ နောက်ထပ် တည်ဆောက်မယ့် ဖက်ဒရယ်ပြည်ထောင်စုအတွက် ဘယ်လောက်အထိ အရေးပါတယ်လို့ ပြောလို့ရမလဲ။

ဖြေ - “ကျနော်တို့ Framing ကိုပဲ ကြည့်ရအောင်။ ကျနော်တို့အခုက ပြောသလို KSCC ရှိမယ်။ KSCC က မူအရ ကိုင်တယ်။ မူကို ထိန်းကျောင်းတယ်။ IEC က အုပ်ချုပ်ရေးယန္တရားကို လုပ်တယ်။ KSIP က ဥပဒေပြုရေးမှာ လုပ်တယ်။ KsIJ ရှိတယ်။ ဒါက တရားစီရေးမဏ္ဍိုင် ဖြစ်တယ်။ ဒီမှာတင် သုံးခုက ပေါင်းစပ်ညှိနှိုင်းပြီး သွားနေတာ ဖြစ်တယ်။ မူအရကတော့ KSC က အားလုံးကို ပြန်ပြီးထိန်းကျောင်းပေးတာ ရှိပါတယ်။ အဲဒါတွေက အခြေခံသွားတယ်။ အဲဒီတော့ တခြားနေရာတွေက ဘယ်လိုဖြစ်လဲ၊ အားလုံး ကျနော်တို့ မသိနိုင်ဘူး။ ဒါပေမယ့် ကျနော်တို့က ဒီလိုမျိုး Frame တွေကို လက်ခံတယ်။ နိုင်ငံတနိုင်ငံ၊ ဒေသတခုမှာ ရှိသင့်ရှိထိုက်တဲ့ ဒီမဏ္ဍိုင်တွေကို တော်လှန်ရေးကာလမှာလည်း ဖြစ်တယ်၊ ဒီမိုကရေစီရဲ့ စံကိုလည်း လျစ်လျူရှုလို့မရဘူး။ အဲဒီနှစ်ခုက ပေါင်းစပ်ပြီး သွားနေတယ်လို့ ပြောလို့ရတယ်။ အဲတော့ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းတွေ ရှိတယ်၊ အပြန်အလှန် ထိန်းကျောင်း၊ ပံ့ပိုးကူညီကြတယ်။ မူကို အခြေခံပြီး ရှောင်ဖယ်မသွားဘူးဆိုတဲ့ စဉ်းစားတဲ့အပေါ်မှာ သွားနေတာ ဖြစ်တယ်။ အဲဒီအပေါ်မှာ တစုံတရာ အလုပ်ဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ တခြားဒေသတွေမှာတော့ ဒီလိုမျိုး ဖြစ်ရမယ်လို့ ပြောတာ မဟုတ်ဘူး။ စဉ်းစားချက်ကတော့ မတူ ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။”

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024