Home
ဆောင်းပါး
အိပ်နေတဲ့ ကြောင်ပုံစံ အနုပညာမြောက် ထိုင်းစပါးခင်းများ
DVB
·
February 10, 2024

ထိုင်းနိုင်ငံမြောက်ပိုင်းက လယ်တွေမှာ အိပ်နေတဲ့ ကြောင်ပုံစံ အနုပညာမြောက်တဲ့ စပါးခင်းတွေအဖြစ် ဖန်တီးထားတာကို ထူးထူးခြားခြား မြင်တွေ့ရပါတယ်။

မကြာသေးခင် သီတင်းပတ်တွေထဲမှာ ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အရွယ်အစားအားဖြင့် ဧရိယာအကျယ်အဝန်း တဟက်တာထက် နည်းနည်းလျော့တဲ့ စပါးစိုက်ခင်းတွေထဲမှာ အိပ်နေတဲ့ ကြောင်ပုံစံ စပါးပင်အခင်းအကွက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

စက်ရုံလုပ်ငန်းပိုင်းမန်နေဂျာနဲ့အပျော်တမ်းလယ်သမား တန်ယာပေါင်ဂျိုင်ခမ်းမ်က “ကျနော်တို့ သက်တံစပါးမျိုးကို အနုပညာနဲ့ ပေါင်းစပ်ပြီး ရေထဲကငါး၊ လယ်ကွင်းထဲက ကြောင်များလို့ နာမည်ပေးထားတဲ့ စပါးစိုက်ပျိုးရေး တီထွင်ဖန်တီးမှုတခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အနည်းဆုံး လူသုံးဦးမှာ တဦးက ကြောင်ချစ်သူတွေလို့ ယုံကြည်ပါတယ်။ ဒါကြောင့် အနုပညာ၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနဲ့ လူမျိုးစုံနှစ်သက်တဲ့အရာတွေကို ချိတ်ဆက်ပေးနေပါတယ်” လို့ ပြောပါတယ်။

လယ်ကွင်းထဲမှာ ပုံစံဖော် စိုက်ပျိုးထားတဲ့ အိမ်မွေးတိရစ္ဆာန်သုံးကောင်ဟာ စက်ရုံလုပ်ငန်းပိုင်း မန်နေဂျာတယောက်ဖြစ်ပြီး အခုအခါမှာ အချိန်ပိုင်း လယ်သမားတဦးလည်းဖြစ်တဲ့ တန်ယာပေါင် ဂျိုင်ခမ်းမ်ရဲ့ အနုပညာလက်ရာ ဖြစ်ပါတယ်။

စပါးခင်းတွေကို အနုပညာနဲ့ ပေါင်းစပ်ပေးမယ့် အိမ်မွေးကြောင် ဖန်တီးမှုကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက စပြီး သီတင်းပတ် အားလပ်ရက်တွေမှာ သူ့ဇာတိဖြစ်တဲ့ ထိုင်းနိုင်ငံ မြောက်ဘက်စွန်းဒေသ ချင်းရိုင်ခရိုင်ထဲက ဘန်ခွန်ဆန်မြို့မှာ သက်တန့်စပါးနဲ့ ခရမ်းရင့်ရောင်ကနေ အဝါရောင်စပါးပင် ဖြစ်ပေါ်လာတဲ့ စပါးမျိုးတွေကို အသုံးပြုထားတဲ့ စိုက်ပျိုးရေးစမ်းသပ်မှု အစီအစဉ်တခု ရေးဆွဲ အကောင်အထည် ဖော်ခဲ့ပါတယ်။

တန်ယာပေါင်ဂျိုင်ခမ်းမ်က “အရင်ဦးဆုံးကတော့ ပန်းချီဆရာက ပုံကြမ်းရေးဆွဲတာကနေ စတင်ပါတယ်။ ဒုတိယအနေနဲ့ ရေးဆွဲထားတဲ့ ပုံကြမ်းကို တကယ့်စိုက်ပျိုးလယ်မြေမှာ ပုံစံထပ်တင်ပေးပါတယ်။ သတ်မှတ်ထားတဲ့ ဂြိုဟ်တုမြေပုံ ကိုသြဒီနိတ်တွေကို အသုံးပြုပြီး တကယ့်မြေပြင်ပေါ်က တည်နေရာတွေမှာ အမှတ်အသားပြုတာပါ။ တတိယအနေနဲ့ ကျနော်တို့ အရောင်စုံထည့်ထားတဲ့အတိုင်း အတိအကျရဖို့ နေရာတခုစီတိုင်းမှာ သက်တန့်စပါးပျိုးပင်ပေါက်တွေကို စိုက်ပျိုးပါတယ်။ ဒီအဆင့်မှာတော့ ပျိုးပင်တွေကို အသေးစိတ်နဲ့ တိတိကျကျ နေရာချထားနိုင်ဖို့ အရေးကြီးပြီး စပါးပင်တွေဟာ အချိန်နဲ့အမျှ တဖြည်းဖြည်းချင်း ပြောင်းလဲလာမှာပါ။ နောက်ဆုံး ရိတ်သိမ်းတဲ့အဆင့်ကို ရောက်လာရင်တော့ စပါးပင်တွေရဲ့ မတူတဲ့အရောင်တွေ ပေါင်းစပ်ပြီး စပါးခင်းထဲက ကြောင်ပုံပေါ်လာမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တန်ယာပေါင်ဂျိုင်ခမ်းမ်ဟာ ပန်းချီဆရာတဦးနဲ့ ပူးပေါင်းပြီး အိပ်ပျော်နေတဲ့ ကြောင်တကောင်ရဲ့ ပုံကြမ်းကို ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်မှာ ကူညီလုပ်ဆောင်ပေးတဲ့ လူ ၂၀၀ နဲ့အတူ ဒရုန်းနဲ့ ဂြိုဟ်တုမြေပုံကို အသုံးပြပြီး ငါးတကောင်ကို လက်မှာကိုင်ရင်း စပါးခင်းပေါ်မှာ အိပ်ပျော်နေတဲ့ ကြောင်တကောင်ပုံစံကိုလည်း ရေးဆွဲခဲ့ပါတယ်။

တန်ယာပေါင်ဂျိုင်ခမ်းမ်က“စပါးခင်းထဲက အနုပညာကို လာရောက်ကြည့်ရှုသူ သောင်းနဲ့ချီပြီး ရှိနိုင်တယ်လို့ ကြိုတင်ခန့်မှန်း ဆန်းစစ်မှု ရလဒ်အရ မျှော်လင့်ထားပါတယ်။ အနည်းဆုံးတော့ ကြောင်ချစ်သူတွေ လာရောက်ကြည့်ရှုကြမှာပါ။ ပညာရှင်တွေနဲ့ အနုပညာ ဝါသနာရှင်တွေလည်း လာရောက်လည်ပတ်နိုင်ပါတယ်။ ဒါ့အပြင် လူငယ်မျိုးဆက်သစ်တွေလည်း လေ့လာသင်ယူလိုစိတ် ရှိလာကြမှာပါ။ ဘာကြောင့်လဲဆိုတော့ အနုပညာနဲ့ အတတ်ပညာ နှစ်မျိုးစလုံးကို လေ့လာချင်သူတွေအတွက် လမ်းဖွင့်ပေးထားလို့ပါပဲ” လို့ ပြောပါတယ်။

နောက်တဆင့်ကတော့ သက်တန့်စပါးလို့ခေါ်တဲ့ ရောင်စုံစပါး စိုက်ပျိုးတာဖြစ်ပြီး စပါးအမျိုးမျိုး ဖြစ်နိုင်ခြေ စမ်းသပ်မှု ရှေ့ပြေးစီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ကက်ဆီဆတ်တက္ကသိုလ်က မျိုးစပါးအမျိုးအစား ဖြစ်ပါတယ်။ စိုက်ပျိုးရာမှာလည်း မျိုးစပါးတပင်ချင်းကို ရိုးရာနည်းအတိုင်း လက်နဲ့ပဲ စိုက်ပျိုးရပြီး အပိုင်းတခုချင်းစီမှာ စပါးပင် အရောင်ထွက် မှန်ကန်စေဖို့ အသေအချာ လုပ်ဆောင်ရပါတယ်။ စိုက်ပျိုးပြီး ၁၄၅ ရက်မှာ ရိတ်သိမ်းဖို့ ရည်မှန်းထားတာပါ။

ဂျပန်နိုင်ငံမှာ တမ်မ်ဘို အနုပညာလို့ လူသိများတဲ့ စပါးခင်းအနုပညာကနေ အခုလို စိတ်ကူးစိတ်သန်း ရခဲ့တာလို့ တန်ယာပေါင်က ဆိုပါတယ်။ တမ်ဘို ဆိုတာက စပါးနှံ အရောင်အမျိုးမျိုးထွက်တဲ့ မျိုးစပါးပင်တွေကို စပါးခင်းတခုထဲမှာ ရောနှောစိုက်ပျိုးပြီး အသေးစိတ် ဖန်တီးထားတဲ့ ဒီဇိုင်းရုပ်ပုံ ပေါ်လာစေတဲ့ စိုက်ပျိုးရေးအနုပညာတခု ဖြစ်ပါတယ်။

စိုက်ပျိုးပြီးစပါးခင်းတွေ မှန်မှန်ကြီးထွားလာတာနဲ့အတူ လောလောဆယ်မှာ ပြည်တွင်း အနုပညာ ပြကွင်းပြကွက်တခုအနေနဲ့ ပြသနေပြီး တန်ယာပေါင်က သူ့ရဲ့ဖန်တီးမှုကနေ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024