Home
မြန်မာသတင်း
ဆီဆိုင်စစ်ရှောင်များ မရောင်းရသေးသည့်ပြောင်းများကို အသက်စွန့်ပြီး ပြန်သယ်နေကြ
DVB
·
February 1, 2024

တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဆီဆိုင်စစ်ရှောင်တွေဟာ နေအိမ်မှာ မရောင်းရသေးတဲ့ ပြောင်းအိတ်တွေကို စားနပ်ရိက္ခာဖြေရှင်းဖို့ အသက်စွန့်ပြီး ပြန်သယ်နေကြတယ်လို့ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

ဆီဆိုင်စစ်ရှောင်တွေ ရောက်ရှိနေတဲ့ ကက္ကူဘုရား၊ ဟိုပုံးမြို့နယ်က ဘုန်းကြီးကျောင်းနဲ့ တောင်ကြီးမြို့နယ် တဝိုက်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာတွေပြတ်လပ်သွားတဲ့အတွက် စစ်ရှောင်တွေကိုယ်တိုင် နေအိမ်မှာကျန်ရှိနေတဲ့ ပြောင်းတွေကို ပြန်သယ်နေရတာဖြစ်ပါတယ်။

“ဒီမှာလည်း စားစရာမရှိဘူးလေ၊ ပိုက်ဆံကလည်းမပါလာဘူး။ ပြောင်းကမရောင်းရသေးဘဲ အိမ်မှာကျန်ခဲ့တာ၊ အဲ့တာနဲ့ ရွာသား ၁ ယောက် ၂ ယောက်က ကားအကြီးနဲ့ ပြန်သယ်ကြတာ။ အခုက ၁ ပိဿာ ၈၀၀ ပဲ ရတော့တယ်၊ ရတဲ့ဈေးနဲ့ရောင်းပေါ့၊ စားဖို့လိုနေပြီလေ။ အိမ်မှာပဲထားရင်လည်း သူခိုးတွေက တမျိုး၊ ပြီး‌တော့ လက်နက်ကြီးထိရင် မီးထဲပါသွားမှာလည်း ကြောက်တာနဲ့ အဲ့လိုပဲရောင်းရတာ” လို့ လွယ်သောဝ်ကျေးရွာကနေ စစ်ရှောင်လာသူ အမျိုးသမီးတဦးက ပြောပါတယ်။

အခုနှစ်ပြောင်းသီးနှံပေါ်ချိန်မှာ ယခင်နှစ်ဈေးထက်လျော့ပြီး ၁ ပိဿာ ၉၀၀ ကျပ်ပဲ ရရှိတဲ့အပြင် အခုချိန်မှာ မူဆယ်နယ်စပ်မှာ တင်ပို့မှုနှောင့်နှေးတာ၊ အရောင်းကြန့်ကြာတာတွေကြောင့် ပြောင်း ၁ ပိဿာ ၈၀၀ ကျပ်အထိ ဈေးကျသွားတယ်လို့ အောင်ပန်းမြို့က သီးနှံပွဲရုံတခုက ပြောပါတယ်။

သီးနှံရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် တောင်သူတွေဟာ လူငှားရမ်းခ၊ သီးနှံတင်ပို့ခနဲ့ စက်ပစ္စည်းငှားရမ်းခတွေ အကုန်ကျများနေချိန် တိုက်ပွဲဖြစ်ပွားတဲ့အတွက် လက်ထဲမှာ ပိုက်ဆံမရှိဘဲ ဘေးလွတ်ရာကိုသာ ထွက်ပြေးလာရတာဖြစ်ပါတယ်။

မီရဲ့ကျေးရွာအမျိုးသားတဦးက “ဆီဈေးကလည်း တက်နေတဲ့ကြားက၊ ဝယ်လို့မရဘူး ရွာမှာဆိုရင်။ ပြီးတော့ တိုက်ပွဲတွေကြားက မရမကပြန်သယ်ရတယ်။ ပေးတဲ့ဈေးကလည်း မတန်မရာတွေ၊ ဒါပေမဲ့ စားဖို့လိုနေတော့ ရောင်းရတာပဲ”လို့ ပြောပါတယ်။

ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင် ၁ သိန်းကျော်ဟာ လက်ရှိမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေပေမဲ့ နေအိမ်မှာရောင်းချရမယ့် ငရုပ်၊ ပြောင်း၊ ပဲစင်းငုံ၊ မြေပဲ စတဲ့ သီးနှံတွေကျန်ရှိနေတဲ့အတွက် စိုးရိမ်ပူပန်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024