Home
မြန်မာသတင်း
အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန် ကမ္ဘာ့နိုင်ငံများ တောင်းဆို 
DVB
·
February 1, 2024

အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို  အီးယူနဲ့  ကမ္ဘာ့အင်အားကြီး နိုင်ငံ ၈ နိုင်ငံက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ  ပူးတွဲတောင်းဆို တိုက်တွန်းလိုက်ပါတယ်။

အခက်အခဲ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အပြည့်အဝ ပေးအပ်ခွင့်ပြုဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့အတူ  အများပါဝင်နိုင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုအတွက် အခင်းအကျင်း ပေါ်ပေါက်လာအောင် ဖန်တီးပေးဖို့လည်း ထပ်မံတောင်းဆိုပါတယ်။

ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့် ပူးတွဲထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့တယ်၊  စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ လက်အောက်မှာ လူထောင်ပေါင်းများစွာ ထောင်ချခံရ၊ ညှဉ်းပန်းနှိပ်စက်ခံရ၊ သတ်ဖြတ်ခံရတာနဲ့အတူ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ မြင့်မားလာခဲ့တယ်လို့ ဆိုပါတယ်။ 

နေအိမ်၊ စာသင်ကျောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာအဆောက်အအုံတွေနဲ့ ဝတ်ပြုကိုးကွယ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ် မီးရှို့မှု၊ ရိုဟင်ဂျာ အပါအဝင် ဘာသာရေးနဲ့ တိုင်းရင်းသား အသိုက်အဝန်းအပေါ် စနစ်တကျ ခွဲခြားဆက်ဆံမှုတွေလည်း အလွန်မြင့်မားနေတယ်လို့ ဆိုပါတယ်။

စစ်တပ် လုပ်ရပ်များကြောင့် လူပေါင်း ၂ ဒသမ ၆ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ကြရပြီး လူပေါင်း ၁၈ သန်းကျော် အကူအညီလိုအပ်နေကြောင်း၊ စစ်အာဏာရှင်အဖွဲ့အစည်းက ဆက်လက် ကျူးလွန်နေတဲ့ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှု၊ ငြိမ်းချမ်းစွာဆန္ဒပြမှုနဲ့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အပါအဝင် အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေကို ကန့်သတ်တာလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို  အပြင်းထန်ဆုံး ရှုတ်ချထားပါတယ်။

မြန်မာပြည် အကျပ်အတည်းအတွက် အာဆီယံရဲ့ စုစည်းညီညွတ်တဲ့ အားထုတ်မှုတွေကို အခိုင်အမာ အားပေးကြောင်း အာဆီယံဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်တို့ရဲ့ အပြုသဘောဆောင်တဲ့ အားထုတ်မှုတွေကို ချီးကျူးအသိအမှတ်ပြုကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့နဲ့ အာဆီယံကိုယ်စားလှယ်တွနဲ့ အဓိပ္ပာယ်ပြည့်ဝပြီး အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ စစ်အာဏာရှင်ကို ကမ္ဘာ့နိုင်ငံတွေက တောင်းဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ဖို့၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ဌာနေကိုယ်စားလှယ် ရာထူးတွေ အချိန်မီခန့်အပ်ဖို့၊ မြန်မာနိုင်ငံမှာ အပူတပြင်းလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စဆွေးနွေးရာမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ဆက်လက် ထောက်ခံအားပေးကြဖို့ တိုက်တွန်းတာ အပါအဝင် မြန်မာအတွက် အားထုတ်ကြိုးပမ်းမှုတွေ အရှိန်အဟုန်မြှင့်တင်ဖို့  ကုလသမဂ္ဂကို  တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ အများယုံကြည်လက်ခံနိုင်တဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်ဖို့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် တွန်းအားပေးဖို့၊ စစ်မှန်ပြီး အများပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ဖို့၊ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့၊ မြန်မာစစ်တပ်အတွက် လက်နက်နဲ့ စက်ပစ္စည်းကိရိယာတွေရရှိမှု ရပ်တန့်သွားအောင်လုပ်ဖို့လည်း  နိုင်ငံတကာကို တောင်းဆိုထားပါတယ်။နိုင်ငံတော် အာဏာကို အဓမ္မသိမ်းယူထားတဲ့ စစ်ကောင်စီကတော့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကာလုံအစည်းအဝေး ခေါ်ယူပြီး တိုင်းပြည် သာမန်အခြေအနေ မရောက်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ်အခြေအနေ ကြေညာကာ အာဏာသိမ်းထားတဲ့ သက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုးလိုက်ပါတယ်။
Photo-US Embassy

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024