Home
မြန်မာသတင်း
နဘူးတောရွာကို စစ်တပ်ကမီးရှို့၊ စစ်ကြောင်းဝင်လာသဖြင့် ခင်ဦးမြို့နယ် ရွာ ၇ ရွာက ဒေသခံများ နေရပ်စွန့်ခွာ
DVB
·
January 31, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၃၀ ရက် မနက်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅ လုံး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ဘန့်ဘွေးရွာကနေ စတင်ထွက်လာပြီးနောက် နဘူးတောရွာကို အကြောင်းမဲ့ မီးရှိုသွားတာလို့ ဆိုပါတယ်။

“ဘာမှ တိုက်ပွဲမဖြစ်ဘူး အကြောင်းမဲ့သက်သက် ရွာကိုမီးရှို့သွားတာ။ ကနဦး ၉ နာရီက ရွာထဲဝင်တယ်၊ ၁၀ နာရီလောက်ရောက်တော့ ရွာကို မီးရှို့တော့တာပဲဗျ။ ဘာမှသူတို့ကို ပြန်မလုပ်နိုင်ဘူး၊ ကိုယ့်ရွာကို မီးရှို့နေတာကို အဝေးကနေ ထိုင်ကြည့်နေကြရတာပါ။ ရွာကို အခုလို မီးရှို့တာ ၄ ကြိမ်အထက်ရှိနေပြီဗျ။ ပထမအကြိမ် ၆ လုံး၊ ဒုတိယအကြိမ် ၁ လုံး၊ တတိယအကြိမ် ၂၁ လုံး၊ စတုတ္ထအကြိမ် ၅ လုံးပါဗျ။ ကျနော်တို့ နဘူးတောရွာက စစ်ကောင်စီတပ်စွဲနေတဲ့ ဘန့်ဘွေးရွာပျူရွာရဲ့ အရှေ့ဘက် အနီးဆုံးရွာတရွာလည်းဖြစ်တော့ သူတို့ထင်သလို လုပ်နေတာဗျ။ သူတို့စိတ်တိုင်းကျ ရွာသားတွေကိုလည်း သတ်နေတာဗျ။ အခုဆိုရင် သူတို့စစ်အာဏသိမ်းပြီးချိန်ကစလို့ သတ်တဲ့သူတွေ အရပ်သား ၈ ယောက်အထိရှိနေပြီ၊ ပြည်သူကာကွယ်ရေးအဖွဲ့က ၄ ဦးရှိနေပြီ” လို့ ရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အိမ်ခြေ ၆၀၀ ခန့်ရှိတဲ့ နဘူးတောရွာကို မီးရှို့သွားပြီး ညနေ ၄ နာရီလောက် ဘန့်ဘွေးရွာဘက်ပြန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းကို စစ်တပ်က ဇန်နဝါရီ ၃၁ ရက် ဒီနေ့ မနက် ၅ နာရီခွဲက စစ်ကြောင်း ထိုးလာတာကြောင့်  ရွာ ၇ ရွာက ဒေသခံတွေ အရေးပေါ် စစ်ဘေးရှောင်နေကြ ရပါတယ်။

ခင်ဦးဒေသခံတဦးက “မနက်ခင်း ၅ နာရီလောက် စစ်ကြောင်းက ရုတ်တရက် ထွက်လာတော့ ပြေးမိ ပြေးရာ ပြေးခဲ့ရတယ်။ သူတို့က ရေဦးမြို့ကနေ မူးမြစ်ကို ကူးလာပြီး ခင်ဦး ပနံစပ်ကနေ အရာတော်ရွာကို ဝင်လာတာ။ အရာတော်ရွာကနေ ကျွန်းတောကြီးရွာကနေ မနက်ခင်း ၉ နာရီ လောက်ရောက်တော့ မြင်းကျရွာကို ဝင်နေပြီ” လို့ ပြောပါတယ်။

စစ်ကြောင်း ဝင်လာတာကြောင့် အရာတော်၊ မြင်းကျ၊ မြင်း‌ဒေါင်း၊ မကျည်းအုပ်၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ တဲစု စတဲ့ရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာပါ။

အဆိုပါစစ်ကြောင်းမှာ စစ်သား ၇၀ နဲ့ ပျူ ၁၂ ဦး ပါဝင်တယ်လို့ ဒေသခံကာကွယ်ရေး ခေါင်းဆောင် တွေက ပြောပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက “လောလောဆယ် တိုက်ပွဲ မဖြစ်သေးပါဘူး။ သူတို့ ခင်ဦးမြို့ကို သွားမလား၊ ပျဉ်ထောင်ပျူရွာကို သွားမလားဆိုတာကတော့ စောင့်ကြည့်ရမယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်ကလည်း  စစ်ကောင်စီစစ်ကြောင်းထိုးလာပြီး ခင်ဦးမြို့နယ်အတွင်းက ကိုယ်ဝန်ဆောင် မိခင်တဦး အပါအဝင် ဒေသခံ ၄ ဦးအား သတ်ဖြတ်ခဲ့ပြီး ကျွန်းတောကြီးရွာမှ နေအိမ် ၁၀ လုံးကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024