Home
မြန်မာသတင်း
ဝိုင်းမော်တွင် လီဆူပြည်သူ့စစ်အဖွဲ့က ဈေးနေရာကိုသိမ်းပြီး တပ်စခန်းဆောက်လုပ်
DVB
·
January 26, 2024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယာန်ကျေးရွာမှာ ဦးရွှေမင်း လီဆူ ပြည်သူ့စစ်အဖွဲ့က ဈေးနေရာကို သိမ်းယူပြီး တပ်စခန်း အခိုင်အမာ ဆောက်လုပ်နေကြောင်း ဒေသခံတွေထံက သိရပါတယ်။

ဝူယာန်ကျေးရွာ မနက်ခင်းဈေးနေရာကို လီဆူပြည်သူ့စစ်အဖွဲ့က သိမ်းယူပြီး ခြံစည်းရိုးကာတာ၊ ကတုတ်ကျင်းတူးနေပြီး တပ်စခန်းအဖြစ် သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦးက “ပြည်သူ့စစ် တပ်စခန်းရဲ့အရှေ့ ကျေးရွာ မနက်ခင်းဈေးနေရာကို သိမ်းပြီး ပြည်သူ့စစ်စခန်း ဆောက်နေတာ။ ဇန်နဝါရီလ အစလောက်ကတည်းက ခြံစည်းရိုးတွေ ကာ၊ ကတုတ်ကျင်းတွေ တူးပြီး အခိုင်အမာလုပ်နေတာ။ ရွာကသူတွေကလည်း ဈေးနေရာ တပ်စခန်း တိုးချဲ့ဆောက်တာနဲ့ပတ်သက်ပြီး ဘယ်သူ့ပြောလို့ ပြောရမှန်း မသိဘူး” လို့ ပြောပါတယ်။

ဝူယာန်ကျေးရွာ လီဆူ ပြည်သူ့စစ်စခန်းဟာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ မနက်ခင်းဈေးအနီးမှာ တည်ရှိပြီး မော်တော်ယာဉ်တွေကို ငွေကြေးကောက်ခံမှုတွေ ပြုလုပ်နေပါတယ်။

စစ်အာဏာမသိမ်းမီကာလက ဝိုင်းမော် ကန်ပိုင်တည် လမ်းတလျှောက်မှာ ဝါရှောင်ကျေးရွာ အထွက် စုပေါင်းဂိတ်နဲ့ ဆဒုံးဂိတ် နှစ်ခုသာရှိပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်ကာ ဝိုင်းမော်နဲ့ ကန်ပိုင်တည်ကြားမှာ ဝါးရှောင်ဂိတ်၊ ဘွမ်တောင်ဂိတ်၊ အင်ဝမ်တောင်ဂိတ်၊ ငေါ့ချုံးဂိတ်၊ ရွှမ်းဝေတံတားဂိတ်၊ ဆဒုံးရေတံခွန်ဂိတ်၊ ဆဒုံးအဝင်ဂိတ်၊ ဆဒုံးအထွက်ဂိတ်၊ မံဝိန်းဂိတ်၊ လော်ဆာကျေးရွာဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ထားပြီး ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ် ပူးပေါင်းကာ မော်တော်ယာဉ်တွေဆီက ငွေကြေးကောက်ခံ နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024