Home
မြန်မာသတင်း
မိုးကုတ်တွင် စစ်ကောင်စီတပ်နှင့် TNLA ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး
DVB
·
January 23, 2024

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာ နေအိမ်တွေကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်က ဇန်နဝါရီ ၂၂ ရက်နေ့မှာ ဝင်ရောက်ရှာဖွေစဉ် TNLA တပ်သားတွေရှိတဲ့နေရာကို နယ်ကျွံသွားတာကြောင့် ပစ်ခတ်မှုဖြစ်ပြီး စစ်သားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပိန်းပြစ်ကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်လာတာကြောင့် အပစ်အခတ် ရပ်စဲထားတဲ့ TNLA စစ်သားတွေက နောက်ဆုတ်ပေးပြီး ရှောင်ပေးခဲ့ပေမဲ့ စစ်ကောင်စီတပ်သားတွေက နယ်ကျွံလာပြီး သေနတ်ပစ်ဖောက်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

“စစ်သားတွေက ရွာထဲအိမ်တွေကို တအိမ်ဝင် တအိမ်ထွက် ဘာရှာလဲမသိဘူး၊ လမ်းကြိုလမ်းကြားတွေ ဝင်ပြီးသွားနေတာ၊ TNLA စစ်သားတွေက အရင်ရှိနေတာ၊ စစ်သားတွေလာလို့ ရှောင်ပေးပေမဲ့ တည့်တည့်တိုးသလိုဖြစ်ပြီး ပစ်ကြတာ။ စစ်သားတဦး မှောက်သွားတာကိုတော့ မျက်မြင်တွေ့လိုက်ရတယ်။”

အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်တပ်ဘက်က နောက်ဆုတ်သွားပြီး မိုးမိတ်မြို့နယ်ဘက်ကို ရွှေ့သွားခဲ့တယ်လို့ သိရပါတယ်။

“စာသင်ကျောင်းထဲဝင်တော့ ပလောင်ဘက်က ဆရာတယောက်နဲ့ စစ်သားသုံးယောက် ထိုးကြသေးတယ်။ ပလောင်က ဆရာဆီမှာ လက်နက်မရှိလို့ ရှိရင် စစ်သားတွေသေမှာ။ ထိုးကြတော့ မြန်မာစစ်သားတွေရဲ့ ကျောပိုးအိတ်တွေ ကျကျန်ပြီး သူတို့ထွက်ပြေးသွားတယ်။”

မန္တလေးမြို့ကနေ ဇန်နဝါရီ ၂၁ ရက်မှာ စစ်ကောင်စီတပ်က စစ်ကား ၁၇ စီး တက်လာပြီး မိုးကုတ်မြို့ထဲမှာ စစ်သားအင်အား ထပ်ဖြည့်ထားကာ ကျန် စစ်ကား ၁၂ စီးက မိုးမိတ်ဘက်ကို စစ်ကူတက်သွားတယ်လို့ သိရပါတယ်။

“မြို့ထဲမှာ စစ်ကားတွေ တန်းစီနေတာပဲ၊ တစီးဆီ ရေတွက်ကြည့်တာ ၁၄ စီးရှိတယ်။ သူတို့ တန်းစီပြီး အယောက် ၅၀၀ လောက်ရှိမယ်။ ပြီးတော့ လယ်ဦးလမ်းကနေ ပိန်းပြစ်ဘက် တက်သွားတယ်၊ မိုးမိတ်ကို စစ်ကူပို့တာထင်တယ်” လို့ လယ်ဦးရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁ နာရီ ၁၀ မိနစ်ကလည်း တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်နဲ့ မိုးမိတ်ကြား ၉ မိုင်နဲ့ လွယ်ဆာကုန်ကျေးရွာ အနီးတဝိုက်သို ဂျက်ဖိုက်တာနဲ့ တကြိမ်၊ ATR-42 နဲ့ တကြိမ် ဗုံး ၁၀ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

လေယာဥ်နဲ့ ဗုံးကြဲချခဲ့ပေမဲ့ လူထိခိုက်တာတော့ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ရှိရာ မိုးကုတ်နဲ့ မိုးမိတ်ကြား ၈ မိုင်ကို စစ်တပ်က ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီမှာ ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက် ၄ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024