Home
နိုင်ငံတကာ
နေတိုးတပ်ဖွဲ့က စစ်သည်အင်အား ၉၀,၀၀၀ ဖြင့် စစ်ရေးလေ့ကျင့်မည်
DVB
·
January 19, 2024

စစ်သည်အင်အား ၉၀,၀၀၀ ပါဝင်မယ့် စစ်အေးခေတ်နောက်ပိုင်း နေတိုးတပ်ဖွဲ့ရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို လာမယ့် ရက်သတ္တပတ်ကနေ မေလအထိ ပြုလုပ်သွားမယ်လို့ နေတိုးရဲ့ ဥရောပမဟာမိတ်တပ်မှူးချုပ်က ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရုရှားနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေမှာ ပဋိပက္ခဖြစ်လာရင် နေတိုးရဲ့ အရှေ့ဘက်စစ်မျက်နှာမှာ ဥရောပမဟာမိတ်တွေကို အမေရိကန်တပ်တွေက ဘယ်လိုအင်အားဖြည့်ပေးမလဲ ဆိုတာကို အဓိကထား လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။

တည်တံ့ခိုင်မြဲတဲ့ ခံစစ်မှူး ၂၀၂၄ လို့ အမည်ပေးထားတဲ့ စစ်ရေးလ့ကျင့်မှုမှာ လေယာဉ်တင်သင်္ဘောကနေ ဖျက်သင်္ဘောအထိ သင်္ဘော ၅၀ ကျော်၊ တိုက်လေယာဉ်၊ လူမဲ့လေယာဉ်၊ ရဟတ်ယာဉ် ၈၀ ကျော်၊ တင့်ကား ၁၃၃ စီးနဲ့ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၅၃၃ စီး အပါအဝင် တိုက်ခိုက်ရေးယာဉ် ၁,၁၀၀ ကျော် ပါဝင်မယ်လို့ တပ်မှူးချုပ် အမေရိကန်ဗိုလ်ချုပ်ကြီး ခရစ္စကာဗိုလီက ပြောပါတယ်။

ရုရှားလို့ တိုက်ရိုက်မပြောပေမဲ့ ရုရှားက တိုက်လာရင် ဘယ်လိုခုခံကြမလဲဆိုတာကို လေ့ကျင့်မှာ ဖြစ်ပါတယ်။

ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် နေတိုးအဖွဲ့က ခုခံစစ်အတွက် လေ့ကျင့်မှုဖြစ်ပါတယ်။

ဒီလောက်အတိုင်းအတာနဲ့ နောက်ဆုံးလေ့ကျင့်ခဲ့တာ စစ်အေးခေတ်ကာလ ၁၉၈၈ ခုနှစ်က ဖြစ်ပြီး ပါဝင်သူ ၁ သိန်းကျော် ရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အာဖဂန်တို့ အီရတ်တို့မှာပဲ နေတိုးက စစ်ပွဲတွေတိုက်ခဲ့တာ ဖြစ်တဲ့အတွက် ခုခံစစ်အတွက် အကြီးစားလေ့ကျင့်ဖို့ မလိုအပ်ခဲ့ပါဘူး။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024