Home
မြန်မာသတင်း
မွန်ပြည်သစ်ပါတီဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်နိုင်ထောမွန် ကွယ်လွန်
DVB
·
January 17, 2024

မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဟောင်း  နိုင်ထောမွန်ဟာ ထိုင်းနိုင်ငံ စံခလပူရီဆေးရုံမှာ ဇန်နဝါရီ ၁၇ ရက် ဒီမနက် ၇ နာရီက လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီဝင်နဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ နိုင်ထောမွန်ဟာ ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ မိဝုတ်၊ သမီးတဦးနဲ့ သားနှစ်ဦးတို့ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ထောမွန်ကို မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ကျေးရွာမှာ ဖခင် ဦးသောင်းစိန်နဲ့ မိခင် မိငွေကြည်တို့က ၁၉၄၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ငယ်နာမည်ကတော့ မင်းရွှေထား ဖြစ်ပါတယ်။

အဲဒီနောက် မူလတန်းကနေ အထက်တန်းအထိ ကမာဝက်ကျောင်းမှာ ပညာဆည်းပူးခဲ့ပြီး ၁၀ တန်းကိုတော့ မုဒုံမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ အောင်မြင်ခဲ့တာပါ။

နိုင်ထောမွန်ဟာ ၁၉၆၅ ခုနှစ်မှာ ဆက်သွယ်ရေးတပ်သားအဆင့်ကနေ မွန်ပြည်သစ်ပါတီထဲ စတင်ဝင်ရောက်ခဲ့ပြီး အဲဒီနောက် တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ကာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ရာထူး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

နိုင်ထောမွန်ဟာ ၂၀၀၃ ခုနှစ်မှာ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌနဲ့ ဗဟိုစစ်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ မွန်ပြည်သစ်ပါတီရဲ့ လေးဦးမြောက် ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ၊ မွန်ပြည်သစ်ပါတီ ၁၀ ကြိမ်မြောက် ညီလာခံမှာတော့ ကျန်းမာရေးကြောင့် နိုင်ထောမွန် အနားယူလိုက်ပြီး နိုင်ဟံသာကို ပါတီဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ထောမွန် ဥက္ကဋ္ဌဖြစ်လာပြီးနောက်ပိုင်း NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) မှာ မွန်ပြည်သစ်ပါတီက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌကြီး နိုင်ထောမွန်ကို ၂၀၂၁ ခုနှစ်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာ မွန်အသင်းအဖွဲ့တွေက “ဝီရဟံသာ” ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024