Home
မြန်မာသတင်း
ရခိုင်နှင့်ချင်းတွင် စစ်တပ်ပစ်ခတ်ဖမ်းဆီးနှိပ်စက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး၊ ကျေးရွာအချို့ မီးရှို့ခံရ 
DVB
·
January 16, 2024

ရခိုင်ပြည်နယ် တောင်ကုတ်၊ မင်းပြား၊ ရသေ့တောင်၊ စစ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်တာ၊ ဖမ်းဆီးနှိပ်စက်တာကြောင့် ပြည်သူ ၅ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရပြီး နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ခဲ့တာကြောင့် ဇန်နဝါရီ ၁၅ ရက် မနက်မှာ ပြည်သူတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တောင်ကုတ်မြို့နယ် တပျော့ရွာက အသက် ၁၉ နှစ်အရွယ် ကိုညီနိုင်စိုး၊ အသက် ၁၇ နှစ်အရွယ် ကိုဆန်းမင်းနိုင်နဲ့ အသက် ၄၁ နှစ်အရွယ် ဦးဝင်းရွှေတို့ကို ဇန်နဝါရီ ၂၁ ရက် ညနေ ၅ နာရီလောက်မှာ တောင်ကုတ်အခြေစိုက် စခက ၅ လက်အောက်ခံ ခမရ ၃၄၆၊ ၅၄၄ တပ်ရင်းက စစ်ကောင်စီတပ်သား အင်အား ၃၅ ယောက်လောက်က လူသားဒိုင်းကာအဖြစ် ဖမ်းခေါ်သွားကြတာလို့ တောင်ကုတ်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က စစ်ကြောရေးမှာ ညှဥ်းပန်းနှိပ်စက်ခဲ့လို့ ကိုညီနိုင်စိုးဟာ ဇန်နဝါရီ ၁၅ ရက် မနက် ၃ နာရီလောက်က တောင်ကုတ်မြို့ ခုတင် ၁၀၀ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကိုညီနိုင်စိုးရဲ့ အလောင်းကိုတော့ ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီအထိ မိသားစုဝင်တွေက သင်္ဂြိုဟ်ခွင့် မရရှိသေးဘဲ ခုတင် ၁၀၀ ဆေးရုံမှာ ထားရှိပြီး အခေါင်းထဲမှာ သွင်းထားကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဦးဝင်းရွှေနဲ့ ကိုဆန်းမင်းနိုင်တို့ ၂ ယောက်ကိုလည်း လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘဲ စစ်ကောင်စီက စစ်ကြောရေးပြုလုပ်နေတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မင်းပြားမြို့နယ် ကျားရဲပြင်ကျေးရွာကို ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ စစ်တွေဘက်က ထွက်လာတဲ့ စစ်ကောင်စီရဲ့ နေဗီ ၂ စီးက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၄ ယောက်အပြင်ထန် ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂ အိမ် မီးလောင်ကျွမ်းခဲ့တယ်လို့ မင်းပြားမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ​ပြောပါတယ်။

ကျားရဲပြင်ရွာက အသက် ၁၅ နှစ်အရွယ် မောင်နေမျိုးဇော်၊ အသက် ၁၇ နှစ်အရွယ် မောင်ထွန်းဝင်း၊ အသက် ၆၅ နှစ်အရွယ် ဦးမောင်ညိုအောင်နဲ့ နောက်ထပ်လူငယ်တယောက်တို့မှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

ရသေ့တောင်မြို့နယ် ပေါက်တောချေကျေးရွာကိုလည်း ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ ၃ နာရီကျော်လောက်မှာ ရသေ့တောင်အခြေစိုက် ခမရ ၅၃၇ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တယောက်အပါဝင် ပြည်သူ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ရသေ့တောင်မြို့ ဒေသခံတယောက်က ပြောပါတယ်။

ပေါက်တောချေကျေးရွာက အသက် ၉ နှစ်အရွယ် မောင်လင်းမြတ်အောင်နဲ့ အသက် ၃၈ နှစ်အရွယ် ဦးအောင်မြိုင်တို့မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တွေမြို့နယ် တောကန်ကျေးရွာနဲ့ ရာတန်ကျေးရွာတွေကို ဇန်နဝါရီ ၁၅ ရက် ဒီနေ့မနက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက တောကန်ကျေးရွာကို ဇန်နဝါရီ ၁၅ ရက် မနက် ၇ နာရီ ၄၅ မိနစ်လောက်နဲ့ ရာတန်ကျေးရွာကို မနက် ၈ နာရီကျော်လောက်မှာ ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

တောကန်ကျေးရွာမှာ အိမ်ခြေ ၂၀၀ လောက်နဲ့ ရာတန်ကျေးရွာမှာ အိမ်ခြေ ၁၂၀ လောက်ရှိပြီး အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတယ်လို့ သတင်းကြားတာကြောင့် တောကန်၊ ရာတန်၊ သိန်းတန်၊ ဇော်မတက်နဲ့ ငတောက်တက်ကျေးရွာက ပြည်သူအားလုံး အသက်လုပြီး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ပြောပါတယ်။

စစ်တွေမြို့နယ် တောကန်ရွာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက် ညနေမှာလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ပြီး ပြည်သူတွေရဲ့ ရိက္ခာတွေနဲ့ ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၃၀၀ ကျော်လောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ပါ ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ နေ့ရောညပါပစ်ခတ်ခဲ့လို့ နေအိမ်အဆောက်ဦတွေနဲ့ ရှေးဟောင်းအမွေ အနှစ်တွေ ထိခိုက်ပျက်စီးကာ ပြည်သူ ၉၄ ယောက်သေဆုံးပြီး ၁၆၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က မကွေးလေတပ်စခန်းက တက်လာတဲ့ ဂျက်တိုက်လေယာဥ်တစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျီးလေရွာမှာ ကျရောက်ပေါက်ကွဲကာ စစ်ရှောင်ပြည်သူ ၄ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပလက်ဝမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးခဲ့တဲ့သူတွေကတော့ အထက်မီးလက်ဝရွာက အသက် ၅ နှစ်အရွယ် မောင်မြတ်သူအောင်၊ ပလက်ဝမြို့ ပလုတ်တောင်ရပ်ကွက်က အသက် ၄၉ နှစ်အရွယ် ဦးမောင်ကျန်၊ အသက် ၃၆ နှစ်အရွယ် ဦးဇော်ဇော်လွင်နဲ့ အသက် ၆၇ နှစ်အရွယ် ဦးမောင်ဖြူတို့ဖြစ်ပြီး မီးလက်ဝရွာက အသက် ၈ နှစ်အရွယ် မဆန်းဆန်းနွယ်၊ အသက် ၃၉ နှစ်အရွယ် ဒေါ်နွယ်နွယ်သန်းနဲ့ အသက် ၂၂ နှစ်အရွယ် ကိုအောင်ဆန်းဘိုတို့မှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဒဏ်ရာရရှိတဲ့သူ ၃ ယောက်ကိုတော့ နီးစပ်ရာ ဆေးရုံတခုကို ပို့ဆောင်ကာ အရေးပေါ် ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးထားတယ်။ ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်ထားပြီဆိုပေမဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မိုင်းအန္တရာယ်ကို ကြောက်ရတာကြောင့် လက်ရှိအချိန်မှာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူး” လို့ ဒေသခံက ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တခုလုံးကို ရက္ခိုင့်တပ်တော် (အေအေ) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ အာဏာစက် လုံးဝချုပ်ငြိမ်းကာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီး ရက္ခိုင့်တပ်တော် (အေအေ) က အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဇန်နဝါရီ ၁၄ ရက် ညပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024