Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် ရိုဟင်ဂျာ အယောက်  ၃၀  ဖမ်းဆီးခံရ 
DVB
·
January 5, 2024

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ  ဇန်နဝါရီ ၅ ရက် ဒီမနက်က တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၃၀ ကို ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေ သတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ တဘက်နိုင်ငံက တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထာားတဲ့အတွက် နယ်ခြားစောင့်တပ်၊ ကျေးရွာလုံခြုံရေး၊ အုပ်ချုပ်ရေးနဲ့ လဝကရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့တွေဟာ နယ်စပ်တလျှောက် ဝင်လာတဲ့ကားတွေကို တားဆီးစစ်ဆေးခဲ့တာမှာ မနက် ၆ နာရီလောက်မှာတော့ အနက်ရောင်တိုယိုတာ ဟိုင်းလပ်စ်ကား ၁ စီးဟာ ဘန့်ပလန်ဖယ်ရွာအနီး စစ်ဆေးရေးဂိတ်ကို ရောက်လာတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

တာဝန်ရှိသူတွေက စစ်ဆေးဖို့ရပ်မိန့်ပေးခဲ့ပေမဲ့ အဆိုပါကားက ရပ်မပေးဘဲ အရှိန်မြှင့်မောင်းနှင် ထွက်ပြေးသွားလို့ တာဝန်ရှိသူတွေက ကားနဲ့အနောက်က လိုက်ဖမ်းစဉ်  တနေရာရောက်တော့ အဲဒီကားဟာ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိပြီး လမ်းဘေးကို ထိုးကျ သွားခဲ့ပါတယ်။ 

ကားပေါ်မှာ အော်ဟစ်အကူအညီတောင်းသံတွေကြားရလို့ သွားရောက်စစ်ဆေးရာမှာ ထိခိုက်ဒဏ်ရာရသူအပါအဝင် အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးတွေပါ တရားမဝင် ဝင်ရောက်လာသူ ၃၀ ဦးကို တွေ့ရှိကြောင်း၊ ယာဉ်မောင်းကတော့ မှောင်ရိပ်ခိုကာ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ 

ယာဉ်မတော်တဆထိခိုက်မှုကြောင့် ကလေး ၁ ဦး ဒဏ်ရာရပြီး လူကြီး ၇ ဦး မပြင်းထန်တဲ့ ဒဏ်ရာရကာ ဆန်ခလပူရီဆေးရုံကို ပို့ပေးလိုက်ပါတယ်။ 

အသက် ၂၀ နှစ်ရွယ် မြန်မာလူငယ် ၁ ဦး ဖွင့်ဟဝန်ခံချက်အရ သူတို့ဟာ ရခိုင်ပြည်နယ်က ဖြစ်ကြောင်း၊ ဒေသထဲမှာ တိုက်ပွဲဖြစ်ပြီး ၊ အသက်အန္တရာယ်လည်းရှိ  အလုပ်အကိုင်လည်း မရှိတဲ့အတွက် ကြာရင်ငတ်သေကုန်မှာစိုးလို့  မလေးရှားနိုင်ငံသွားဖို့ ထွက်လာကြတာလို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံကို ဖြတ်သန်းသွာဖို့အတွက် ရခိုင်ကနေ မွန်ပြည်နယ်၊ မွန်ပြည်နယ်ကနေ ဘုရားသုံးဆူထိ  ကုန်းကြောင်းရေကြောင်းနဲ့ တောတောင်ထဲဖြတ်လာတာ ၈ ရက်ကြာကြောင်း၊ ထိုင်းနယ်စပ်ရောက်တော့ ပွဲစားအဆက်အသွယ်နဲ့  ဆိုင်ကယ်နဲ့တဖုံ၊ လှေနဲ့တမျိုး စီးလာရပြီး တောစပ်တနေရာမှာ အနက်ရောင်ဟိုင်းလပ်စ်ကားက လာကြိုတာလို့ ဆိုပါတယ်။ 

သူတို့အနေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့မဟုတ်ဘဲ တတိယနိုင်ငံသို့ ဖြတ်သွားရုံသာမို့ ခွင့်ပြုပေးဖို့တောင်းပန်ပေမဲ့ ထိုင်းတာဝန်ရှိသူတွေကတော့ လဝကဉပဒေနဲ့ အရေးယူသွားမယ်လို့ ပြောသွားပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024