Home
မြန်မာသတင်း
စစ်ကောင်စီက သတင်းတု သတင်းမှားများ ဖြန့်ဝေမှုကို အဆင့်မြှင့်လုပ်ဆောင်လာ
DVB
·
December 20, 2023

စစ်ကောင်စီက သတင်းတု သတင်းမှားတွေ ဖြန့်ဝေတာကို အဆင့်မြှင့်လုပ်ဆောင်လာပြီး မီဒီယာသမားတွေအပေါ် ပစ်မှတ်ထားနေတယ်လို့ စောင့်ကြည့်တဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ သတင်းသမားတွေက ပြောပါတယ်။

စစ်ကောင်စီက သတင်းမီဒီယာကို စောင့်ကြည့်ပြီး သတင်းတု သတင်းမှားဖြစ်ကြောင်း မဟုတ်မမှန် ထုတ်ပြန် ဝါဒဖြန့်လုပ်ဆောင်တာကို စစ်ကောင်စီ ပြန်ကြားရေးလက်အောက်ခံ နေ့စဉ်သတင်းစာတွေနဲ့ အွန်လိုင်းစာမျက်နှာတွေမှာ ခပ်စိပ်စိပ် တွေ့မြင်လာရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၁၇ ရက်အတွင်း စစ်ကောင်စီဘက်က ပြည်တွင်း ပြည်ပ မီဒီယာတွေရဲ့ သတင်းရေးသားဖော်ပြချက်တွေက အမှားတွေဖြစ်တယ်ဆိုတဲ့ ဝါဒဖြန့်ထုတ်ပြန်ခဲ့တဲ့ သတင်းအပုဒ်ရေပေါင်း ၉၈ ပုဒ် ရှိခဲ့တယ်လို့ ဒေသတွင်း စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တခုရဲ့ စစ်တမ်းအရ သိရပါတယ်။

စစ်ကောင်စီဘက်က သတင်းတု သတင်းမှားတွေကို တိုက်ရိုက်ဖော်ပြလာတာမျိုး မဟုတ်ဘဲ သတင်းဌာနတွေရဲ့ သတင်းတွေကို မှားယွင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝါဒဖြန့်ချိတာမျိုးက စနစ်တကျလုပ်ဆောင်တဲ့ ဝါဒဖြန့်မှုဖြစ်တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ စောင့်ကြည့်လေ့လာတဲ့ အရပ်ဘက်အဖွဲ့ Athan-Freedom of Expression ရဲ့ ဒါရိုက်တာက ပြောပါတယ်။

“အဓိက အွန်လိုင်းကနေ ဝါဒဖြန့်တာဆိုတော့ လူထုက ဘယ်လိုမျိုး သတင်းစကားတွေဆို ကြိုက်နှစ်သက်တတ်လဲပေါ့။ လူထုက ဘယ်လိုဟာမျိုးဆို အကြည့်များလဲပေါ့။ ဒါမျိုးတွေကိုလည်း သေသေချာချာ စောင့်ကြည့် လေ့လာထားတာကို တွေ့ရတယ်။ သေချာတာကတော့ ကျမတို့ပြည်သူလူထုကြားမှာ သတင်းတု သတင်းမှားတွေကို ဘယ်လို ဆန်းစစ်ယုံရမလဲ။ ဘယ်ချန်နယ်တွေကတော့ ဝါဒဖြန့်ချိနေတဲ့ ချန်နယ်တွေ ဖြစ်တယ်ပေါ့။ ဒါမျိုးတွေကို ကျမတို့က ပိုပြီးတော့ ထုတ်ပြန်သင့်တယ်။ ပိုပြီး လေ့လာသင့်တယ်ပေါ့။ သေချာတယ် အရင်နှစ်တွေထက် အခုနှစ်မှာ ပိုပြီးတော့ upgrade ဖြစ်လာတယ်။ စစ်တပ်ရဲ့ ဝါဒဖြန့်ချိတာတော့ ပိုပြီး upgrade ဖြစ်လာတယ်။ လူထုရဲ့ သတင်းစားသုံးမှုက ဘယ်လိုမျိုး အနေအထားဆိုတာ ကောင်းကောင်းကြီး သူတို့ လေ့လာထားတဲ့ အနေအထားမှာ ရှိတယ်လို့ ကျမထင်မြင်မိတယ်။”

စစ်တပ်ရဲ့ ဝါဒဖြန့်ယန္တရားက ခေတ်စနစ်အရ ဘာသာရေး၊ အမုန်းတရားနဲ့ မဟုတ်တော့ဘဲ တခြားနည်းမျိုးစုံနဲ့ လိမ်ညာနေတာဖြစ်ပြီး တပ်တွင်းမိသားစုတွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ အင်တာနက်မရနိုင်တဲ့ ဒေသတွေကို အဓိက ဖြန့်ဝေလုပ်ဆောင်နေတာ ဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲသတင်းတွေအပြင် တော်လှန်ရေးမှာ ပါဝင်နေသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအမှားတွေကိုလည်း အွန်လိုင်းနဲ့ မြေပြင်မှာပါ ဖြန့်ဝေနေပြီး MRTV၊ MWD နဲ့ စစ်တပ်ဝါဒဖြန့် TV channel တွေကနေပါ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ နိုဝင်ဘာလအတွင်းက ထုတ်ပြန်တဲ့ အသံအဖွဲ့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ သုတေသနတွေ့ရှိချက် အစီရင်ခံစာ အကျဉ်းချုပ်မှာ ဖော်ပြပါတယ်။

စစ်တပ်ရဲ့ သတင်းတု သတင်းမှားလို့ စွပ်စွဲခံရတဲ့ DNA သတင်းဌာနရဲ့ သတင်းထောက် တယောက်ကတော့ စစ်ကောင်စီက သတင်းသမားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ဘက်ကတော့ ဒါက အဆန်းမဟုတ်တော့ဘူး။ ဒီတိုင်းပဲ သူတို့မလိုတဲ့ သတင်းဌာနတွေကို သူတို့စောင့်ကြည့်မှုတွေက ရည်ရွယ်ချက်ရှိရှိကို ရှိနေတာ။ အရင်လုပ်နေကျ ပုံစံအတိုင်းပဲ သူတို့ပြန်လုပ်လာတယ်။ တိုက်ခိုက်မှုတွေက ရှိနေတာပဲ။ အခု နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဓိက ကျနော်တို့သတင်းသမားတွေကပဲ စုံစမ်းဖော်ထုတ် ရေးသားနေတာလေ။ အဲဒါက စစ်တပ်အပေါ် သက်ရောက်မှုကလည်း ကြီးမားတယ်လေဗျာ။ အဲတော့ ဒီသတင်းသမားတွေဆိုတာနဲ့ သူတို့က မျက်မုန်းကျိုးလာတာပေါ့။”

နောက်ဆုံးဖမ်းဆီးခံထားရတဲ့ Dawei Watch သတင်းဌာနက သတင်းထောက်နှစ်ယောက် အပါအဝင် ဒီဗွီဘီက ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာနဲ့ ဆက်စပ်လုပ်ငန်း လုပ်ကိုင်တဲ့ ထုတ်ဝေသူ၊ ရိုက်ကူးရေးသမား၊ သတင်းထောက်နဲ့ သတင်းထောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ အနည်းဆုံး ၁၇၄ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

သတင်းသမား ၄ ယောက် သေဆုံးခဲ့ပြီး လက်ရှိ အကျဉ်းထောင်တွေထဲမှာ အမှုရင်ဆိုင်နေဆဲနဲ့ မတရား ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ သတင်းသမား ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဝရမ်းထုတ် တရားစွဲခံထားရတဲ့ သတင်းထောက် အယောက် ၅၀ ထက်မနည်း ရှိနေပြီး ထုတ်ဝေခွင့် ပိတ်သိမ်းခံရတဲ့ သတင်းဌာနကလည်း ဒီဗွီဘီ အပါအဝင် ၁၄ ခု ရှိပါတယ်။

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024