Home
မြန်မာသတင်း
မွန်ပြည်နယ်ထွက် ဆားကြမ်းကို တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံသို့ တင်ပို့မည်
DVB
·
November 23, 2023

မွန်ပြည်နယ်ကထွက်တဲ့ အဆင့်မြင့် ဆားကြမ်းကို ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကို တင်ပို့သွားမယ်လို့ မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းနဲ့ ဆားကြမ်းထုတ်လုပ်တဲ့ လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ဆားလိုအပ်ချက်အရ စက်တင်ဘာကစပြီး မြန်မာနိုင်ငံမှ ဆားနမှုနာပို့ခိုင်းကာ နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆားလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

“ကျိုက်ထီးရိုး ကေဘယ်ကုမ္ပဏီဥက္ကဋ္ဌက တောင်ကိုရီးယားမှာ ဆားလိုအပ်ချက်များလို့ ပြည်ပကနေ တင်သွင်းရတယ်လို့ ပြောတယ်။ မွန်ပြည်နယ်မှာလည်း ဆားထုတ်လုပ်တယ်ဆိုတော့ တောင်ကိုရီးယားကို စမ်းတင်သွင်းကြည့်ဖို့ ချိတ်ပေးတာပေါ့။ လတ်တလော နမူနာပို့ပြီးပြီဆိုတော့ တောင်ကိုရီးယားဘက်က ကနဦး တန် ၂၀ ပါတဲ့ ကွန်တိန်နာ ၂ လုံး တင်ပို့ဖို့ ပြောတာပေါ့။ စုစုပေါင်းဆားကြမ်း တန် ၄၀ တင်ပို့ရမှာ။ လတ်တလော ဒီကိစ္စကို ပြည်နယ်ဆားဥက္ကဋ္ဌ ကိုင်နေတာဆိုတော့ ပို့ပြီးမှ ကျန်တာ ဆက်ပို့ရ မပို့ရသိရမှာပါ။” 

တောင်ကိုရီးယားနိုင်ငံဟာ နှစ်စဉ် ဆားတန်ချိန် ၃ သန်းခန့် ထွက်ရှိပေမဲ့ ဆားလိုအပ်ချက်အရ ပြည်ပကနေ နှစ်စဉ် ဆားတန်ချိန် ၇ သန်းခန့် တင်သွင်းနေရပါတယ်။

မွန်ပြည်နယ်မှ ဆားကြမ်းကို တောင်ကိုရီးယားနိုင်ငံအပြင် ဂျပန်နိုင်ငံကိုလည်း ဆာကြမ်း တန် ၂၀ ပါတဲ့ ကွန်တိန်နာတပုံး တင်ပို့ထားပြီးဖြစ်ပြီး ဂျပန်ဘက်ကို ဆားကြမ်းထပ်တင်သွင်းဖို့ရှိတယ်လို့ သံဖြူဇရပ် ပငရှိ ဆားကြမ်းထုတ်လုပ်တဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ဂျပန်ကိုတော့ ကိုယ်စားလှယ်တွေနဲ့ချိတ်ပြီး ဒီနှစ်ဧပြီကနေ စပြီး နမူနာ သုံးကြိမ် ပို့ထားတယ်။ သူတို့က နမူနာပို့တာကို ကြိုက်ပြီး နမူနာနဲ့တူ၊ မတူ သိအောင် ဆားကြမ်းတန် ၂၀ ပါတဲ့ ကွန်တိန်နာ တပုံး တင်ပို့ဖို့ ကမ်းလှမ်းတာ။ အဲဒါကို ၈ လပိုင်း ၃ ရက်နေ့က ဆားကြမ်းကွန်တိန်နာတပုံးပို့တာ ၉ လပိုင်းမှာ ဂျပန်ကို ရောက်သွားတယ်။ ဂျပန်ကော၊ တောင်ကိုရီးယားကောက တခြားနိုင်ငံက ဆားနဲ့ မြန်မာကဆားကို ကွာလတီ၊ ဈေးနှုန်းနဲ့ သယ်ယူစရိတ်အကုန် နှိုင်းယှဉ်ပြီး ဆက်ဝယ်၊ မဝယ်က သူတို့ ဆုံးဖြတ်ရမှာပါ။”

ဂျပန်ကိုယ်စားလှယ်တွေကတော့ အခုနှစ်ပွင့်လင်းရာသီမှာ အနည်းဆုံး ကွန်တိန်နာပုံး ၃၀ ဆားကြမ်းတန်ချိန် စုစုပေါင်း တန် ၆၀၀ ဖယ်ထားခိုင်းတယ်လို့ သူက ဆက်ပြောပါတယ်။

မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး ဆားထွက်ရှိရာ ဒေသဖြစ်ပြီး နှစ်စဉ် ဆားကွင်းဧကပေါင်း ၄၅၀၀ ကျော်မှ ဆားတန်ချိန် ၅၀၀၀၀ ကျော်ထွက်ရှိကာ ဒီဇင်ဘာလမှာ ဆားအသစ် ပုံမှန်ထွက်ရှိ​ပါတယ်။   

မွန်ပြည်နယ်မှာ မိုးတွင်းကာလက ဆားကြမ်းဈေးတပိဿာကို ကျပ် ၂၅၀ အထိရရှိခဲ့ပေမယ့် ဒီနေ့ဈေးနှုန်းအရ ဆားကြမ်းတပိဿာကို ကျပ် ၁၇၀ အထိ ကျဆင်းခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024