Home
မြန်မာသတင်း
စစ်တွေနှင့် ဘူးသီးတောင်ဒေသခံများကို စစ်တပ်က ဖမ်းဆီး၊ မင်းပြားတွင် လက်နက်ကြီးကြောင့် ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ 
DVB
·
November 15, 2023
Sittwe_15112023
BuTheeTaung_15112023
Min Bya_15112023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကနေ စစ်အင်အား တောင်းခံတာတွေရှိလာပြီး ရပ်ကွက်တချို့မှာ အကြောင်းမဲ့ နေအိမ်ပေါ်အထိ တက်ကာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်ညက စစ်တွေမြို့နယ် ကျောင်းတန်းလမ်းရပ်ကွက်မှာရှိတဲ့ ဘုန်းကြီးကျောင်းက အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားခဲ့ပြီး ကျောင်းတန်းလမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီက လူပေးဖို့ပြောဆိုတယ်လို့ စစ်တွေမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျောင်းတန်းလမ်းရပ်ကွက်မှာရှိတဲ့ မရမာကြီးဘုန်းကြီးကျောင်းက ၂ ဦးကို ပေါ်တာဆွဲသွားတယ်။ ကျောင်းတန်းလမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးကို မနေ့ညက လူပေးဖို့ပြောတယ်လို့လည်း သိရပါတယ်။ ကျနော့်အိမ်က လမ်းမပေါ်ဖြစ်လို့ မနေ့ညက လမ်းကြားထဲမှာရှိတဲ့ အမနေအိမ်ကို ပြောင်းနေရတယ်။ အခုက စစ်တွေမှာ မနက်ဆို ဘာမှမဖြစ်ဘူး၊ ညဆို ဖမ်းဆီးတာတွေ ပစ်ခတ်တာတွေ ဖြစ်လာပြီ။”

နိုဝင်ဘာ ၁၄ ရက် ညပိုင်းမှာပဲ စစ်တွေမြို့ ရွှေမင်းဂံစခန်းက နေဗီနဲ့ ဆတ်ရိုးကျတံတားအောက်က နေဗီတွေကနေ တာဝေးပစ်ဒုံးတွေ အတွဲလိုက်ပစ်ခတ်ခဲ့ပြီး စစ်တွေမြို့ထဲကိုတော့ ကျည်မကျရောက်ခဲ့တဲ့အတွက် တခြား ဘယ်နေရာကို ကျလဲဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက စစ်တွေမြို့ထဲကို စစ်အင်အား တိုးချဲ့ဖြန့်ကျက်ထားတဲ့အပြင် အရပ်ဝတ်တွေ ဝတ်ဆင်ကာ စစ်အင်အား စုဆောင်းတာတွေနဲ့ ညဘက်တွေမှာ နယ်မြေလုံခြုံရေး အကြောင်းပြကာ မြို့ထဲတွေကို လှည့်လည်ကာ ရပ်ကွက်ထိပ်တွေမှာ ကားတွေရပ်ထားခဲ့ပြီး ရပ်ကွက်လမ်းတွေထဲကို သေနတ်ပစ်ခတ် ဝင်ရောက်တာမျိုးတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

“လောကနန္ဒာဘုရားထဲမှာလည်း အင်အားတော်တော်များတယ်။ အဓိကတော့ စစ်တွေမြို့ပေါ်က စစ်ကောင်စီရုံးတွေကို လုံခြုံရေးမြှင့်ပြီး ခြေကုပ်ယူထားတယ်။ မနေ့ညက ကျနော်တို့အိမ်ဘက်မှာရှိတဲ့ ဟိန္ဒူရွာ (ဟာရီရွာ) ထဲကို ဝင်တာတွေ့တယ်။ သူတို့လာတာ ကားနဲ့မဟုတ်ဘူးဗျာ။ ကားကို အဝေးမှာရပ်ပြီး ခြေကျင်ဝင်လာတာ။ ကျနော်တို့ဆို အကုန်လုံး ဖုန်းထဲကရော အပြင်ကဒေတာတွေ အကုန်ဖျောက်နေရတယ်။”

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာလည်း ရပ်ကွက် ၂ အုပ်ချုပ်ရေးမှူးနဲ့ အရပ်သားတဦးကို နိုဝင်ဘာ ၁၄ ရက် ညသန်းခေါင်မှာ စစ်ကောင်စီတပ်က သူတို့နေအိမ်တွေကို စီးနင်းဝင်ရောက် ဖမ်းဆီးသွားကြောင်း မျက်မြင်ဒေသခံတွေက ပြောပါတယ်။

“သူတို့နှစ်ဦးကို စစ်တပ်က ကား ၅ စီးနဲ့ အင်အား ၁၀၀ လောက်က နေအိမ်တွေကို ဝိုင်းစီးပြီး ဖမ်းသွားတာ။ မျက်နှာဖုံးပါစွပ်ပြီး ခေါ်သွားတာ” လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူမှာ အသက် ၄၈ နှစ်အရွယ် ဦးထွန်းအေးနဲ့ ကုလားကြီးတို့ဖြစ်ပြီး ဦးထွန်းအေးမှာ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်နေသလို ဘူးသီးတောင်မြို့ သွေးလှူရှင်များအသင်း ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ဘူးသီးတောင်မြို့မှ လူကြီးတဦးက “ဘာကြောင့် ဖမ်းဆီးခေါ်သွားလဲတော့ မသိဘူးဗျ။ စစ်ဆေးစရာရှိတယ်ဆိုလည်း ကြိုက်တဲ့အချိန် ခေါ်ယူစစ်ဆေးနိုင်တယ်လေ။ သူက ပရဟိတသမားတဦးပါ။ ဘာနဲ့မှ ပတ်သက်မှုမရှိတဲ့သူလို့ ပြောနိုင်တယ်။ ဒီလို သွေးလှူရှင်များအသင်းတခုကို ဦးဆောင်တဲ့ လူမှုရေးသမားတဦးကို အခုလိုတော့ မဖမ်းဆီးသင့်ဘူး” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီလောက်က ဘူးသီးတောင်မြို့၊ ကုလားပန်းဇင်ချောင်း တံတားအောက်မှာ ဘူးသီးတောင်မြို့နယ်ရှိ ခမရ ၅၅၂ က တပ်ကြပ်ကြီးတဦး ချွန်ထက်တဲ့ အရာတခုနဲ့ အထိုးခံရပြီး သေဆုံးခဲ့ပါကာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ထင်ကြေးပေးကြပါတယ်။

နိုဝင်ဘာ ၁၃ ရက်ကလည်း ဘူးသီးတောင်မြို့နယ် ညောင်ချောင်းစျေးမှာ စျေးဝယ်နေတဲ့ နယ်ခြားစောင့် ရဲတပ်ကြပ်ကြီး တင်မြထွန်း သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရိုဟင်ဂျာ ၂ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်(မွတ်ဆလင်)ကျေးရွာမှာ နိုဝင်ဘာ ၁၄ ရက် ညက စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရိုဟင်ဂျာလူမျိုး ၂ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မင်းပြားမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးခဲ့သူတွေကတော့ ဆင်ကြီးပြင်ကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုဆော်ယောစ်ဟူဆောန်နဲ့ အသက် ၃၀ အရွယ် ကိုမာတာလောမ်တို့ဖြစ်ပြီး စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာရရှိတဲ့သူတွေကတော့ ကိုနော်ဘီဟူဆောန်၊ ဒေါ်အာရောဖာဘေဂေါမ်၊ ဒေါ်ဆော်မူဒါ၊ ဦးရှော်ဘူး၊ အသက် ၉ နှစ်ကနေ ၁၄ နှစ်အရွယ် မနုရ်ကိစ်၊ မမူကော်ရော်မာ၊ မောင်ခါရိုလာမိန်နဲ့ မာမောက်ရှာကဲရ်တို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မင်းပြားမြို့ ကျွန်းညိုရပ်ကွက်မှာလည်း နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့လို့ အသက် ၂၅ နှစ်အရွယ် မမိမိ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မင်းပြားမြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသားတယောက် သေဆုံးကာ အမျိုးသမီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024