
ဒီနှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ထိုင်ဝမ်အမျိုးသမီး သရုပ်ဆောင် မော်ဒယ်လ်ချာလီအန်းနဲ့ အပေါင်းအသင်းတွေကို ငွေညှစ်ခဲ့တဲ့ ရဲဝန်ထမ်း ၄ ဦး ထောင်ဒဏ် ၅ နှစ်နဲ့ ငွေဒဏ်ချမှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။
ဘန်ကောက် ဟွေ့ခဝမ်နယ်မြေရဲစခန်းက ဒုရဲမှူးအဆင့်ရှိသူ ၂ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦးနဲ့ ရဲတပ်ကြပ် ၁ ဦး စုစုပေါင်း ၄ ဦးဟာ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၅ နှစ်စီနဲ့ နစ်နာသူထံမှညှစ်ယူခဲ့တဲ့ ငွေဘတ် ၂၇၀၀၀ ကို ပြန်ပေးဖို့ ထိုင်းနိုင်ငံ အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုဆိုင်ရာ ရာဇဝတ်တရားရုံးက ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့မှာ ချမှတ်ခဲ့ တာပါ။
မူလက တရားစွဲခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦး ရှိပေမဲ့ ကျန်တဲ့ ရဲတပ်ကြပ်ကြီး ၂ ဦးမှာ ငွေညှစ်မှုမှာပါဝင်ပတ်သက်တဲ့ အထောက်အထားမရှိလို့ အမှုကနေ ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။
ထိုင်းတရားရုံးက အခုလိုအကျင့်ပျက်ဝန်ထမ်းတွေကို တိကျပြတ်သားစွာ အရေးယူလိုက်တဲ့ အပေါ်ကြိုဆိုကြောင်း၊ ဒါဟာ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ထိုင်းနိုင်ငံကို ပိုမိုယုံကြည် စိတ်ချစေဖို့ ဆောင်ရွက်ချက်လည်းဖြစ်တယ်လို့ အမှုမှန်ပေါ်ပေါက်ရေးကူညီဆောင်ရွက်ခဲ့တဲ့ ထိုင်း လွှတ်တော်အမတ်ဟောင်း ခွန်ချူဝစ်ကမွန်ဝိဆစ်က သူ့ကိုယ်ပိုင်လူမှုကွန်ရက်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။
ထိုင်ဝမ်နိုင်ငံမှာ ရေပန်းစားတဲ့ သရုပ်ဆောင်မော်ဒယ်လ် ချာလီအန်းနဲ့ အပေါင်းပါတစ်စုဟာ ဒီနှစ်ဇန်နဝါရီလ ၅ ရက် သန်းခေါင်ကျော်က လည်ပတ်စားသောက်ပြီး တက္ကစီကားနဲ့ ပြန်လာရာမှာ လမ်းမှာရဲနဲ့တွေ့ပြီး စစ်ဆေးခံခဲ့ရပါတယ်။
သူတို့ဆီမှာ အီး-စီးကရက် ၃ လိပ်တွေ့ရှိပြီး နိုင်ငံကူးလက်မှတ်ကော်ပီသာ ပါလာတဲ့အတွက် ဥပဒေအရ အရေးယူခံ ရမှာဖြစ်ကြောင်း၊ အရေးယူမခံစေချင်ရင် အီးစီးကရက် ၁ လိပ်ကို ဘတ် ၈၀၀၀ နဲ့ ၃ လိပ်စာ ဘတ် ၂၄၀၀၀ ဘတ်၊ နိုင်ငံကူးလက်မှတ်အစစ် ကိုယ်နဲ့မကွာ မဆောင်ထားတဲ့အတွက် ဒဏ်ငွေ ဘတ် ၃၀၀၀ စုစုပေါင်း ဘတ် ၂၇၀၀၀ ပေးဖို့ ရဲက ငွေညှစ်ခဲ့တာပါ။
ထိုင်ဝမ်ခရီးသွားတွေက ငွေပေးခဲ့ပေမဲ့ ကျေနပ်မှုမရှိဘဲ မိမိနိုင်ငံပြန်ရောက်တော့ ထိုင်းရဲတွေရဲ့ အကျင့်ပျက်မှုကို လူမှုကွန်ရက်ပေါ်တင်ကာ ရှုတ်ချခဲ့ပါတယ်။
အစပိုင်းမှာ ရဲတွေက စီစီကင်မရာသက်သေဖျောက်ပြီး ငြင်းပယ်ခဲ့ပေမဲ့ စင်ကာပူမှာရောက်နေတဲ့ နစ်နာသူတစ်ဦးကို လွှတ်တော်အမတ်ဟောင်း ခွန်ချုဝစ်က သူ့ကိုယ်ပိုင်ငွေနဲ့ လေယာဉ်လက်မှတ် ဝယ်ပေးပြီး အထောက်အထားနဲ့အတူ လာရောက်သက်သေခံစေခဲ့ပါတယ်။
Source:Thairath