
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ဆင်းလမ်းမှာ နိုဝင်ဘာ ၇ ရက် နေ့လယ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ကားတစီးကို ရက္ခိုင့်တပ်တော် (အေအေ) က ဖမ်းဆီးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ နေ့လယ်ပိုင်းက ကားနဲ့အလာမှာ အေအေ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ မြောက်ဦးမြို့ခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
“ရဲကား ဖမ်းဆီးခံလိုက်ရတာက ဟုတ်တယ်။ သူတို့က ကားနဲ့ကင်းလှည့်နေတာမှာ တပ်တော်ဘက်က ဖမ်းဆီးသွားတာလို့ သိရတယ်။ ကြားရသလောက်တော့ ရဲသား ၇ ဦး ၈ ဦးလောက် ပါသွားတယ်လို့ သိရတယ်။ လောလောဆယ်မှာတော့ ပြည်သူတွေ အသွားအလာ သိပ်မရှိတော့ဘူး။”
လက်ရှိ မြောက်ဦးမြို့ပေါ် ရပ်ကွက်တွေမှာ အသွားအလာ နည်းပါးသွားပြီး နှစ်ဖက် ထိပ်တိုက်တွေ့ကြမှာကို မြို့ခံတွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာဟာ ဟုတ်မှန်ပြီးတော့ ရဲမိသားစုဝင်တွေကို အရေးပေါ် ရွှေ့ပြောင်းဖို့ လုပ်ဆောင်နေကြတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဖမ်းဆီးခံရတာကတော့ ဟုတ်တယ်။ ဘယ်နှယောက်ဆိုတာ တိတိကျကျ ပြောလို့မရသေးဘူး။ မိသားစုဝင်တွေကိုတော့ တပ်ဘက်ကို အရေးပေါ်ရွှေ့ပြောင်းဖို့ လုပ်နေကြတယ်။”
လက်ရှိမှာ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး နှစ်ဖက် ညှိနှိုင်းမှုတွေ ရှိနေတယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ လုံခြုံတင်းကျပ်မှုတွေကို သိသိသာသာ တိုးမြှင့်လာပြီး ဒေသခံတွေကြား တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်မှု မြင့်တက်နေကြပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်တပ် (MDNAA)၊ တအောင်းတပ် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ဦးဆောင်ပြီး ဒေသကာကွယ်ရေးတပ် (PDF) တွေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။