
မုံရွာ-မန္တလေးလမ်းမပေါ်က စစ်ကောင်စီစခန်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် မုံရွာ-မန္တလေးလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ လိုင်းကားမောင်းသူတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ မနက်အစောပိုင်းမှာ မုံရွာ-မန္တလေးလမ်းမကြီးဘေးက စစ်ကောင်စီနဲ့ ပျူစောထီးတွေနေထိုင်တဲ့ စစ်ဆေးရေးဂိတ်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။
မနက်အစောပိုင်းမှာ ခင်မွန်အကျော် ချောင်းဦးမရောက်ခင် မြပုလဲဆီဆိုင်ရှေ့မှာ တပ်စွဲထားတဲ့ အရပ်ခေါ်(မြပုလဲဂိတ်)ကို တိုက်ခိုက် သိမ်းပိုက်နိုင်လိုက်ပြီး စွမ်းရည်ထက် ဆီဆိုင်ဂိတ်နဲ့ မအူဂိတ်ကိုလည်း တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းထောက် ရဲဘော်တွေ ဆီကနေ သိရပါတယ်။
မြေပြင်သတင်းထောက် ရဲဘော်ထွန်းထွန်းက “အခြေအနေအကုန်လုံးကိုတော့ အခုတော့ ပြောပြလို့မရသေးပါဘူး တိုက်ပွဲတွေပြီးသွားရင် အတိအကျ အကုန်ထုတ်ပြန်သွားမှာပါ။ ကျနော်တို့ တိုက်ပွဲတွေဖြစ်နေတာမို့ အရေးကြီးရင်တောင် ဒီလမ်းတွေကို အသုံးမပြုကြပါနဲ့” လို့ ပြောပါတယ်။
မုံရွာ-မန္တလေးကို ပို့ဆောင်ပေးတဲ့ ခရီးသည်တင်ကားတွေဖြစ်တဲ့ JK King၊ A-Group၊ A-One၊ Forever၊ Chindwin King၊ Mobile King စတဲ့ ကားဂိတ်တွေလည်း နိုဝင်ဘာ ၄ ရက်နေ့က စပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ သိရပါတယ်။
လိုင်းကားမောင်းတဲ့ကားဆရာတယောက်က “ကျနော်တို့ မနေ့ကညနေ မန္တလေးကနေ မုံရွာပြန်တော့ သေနတ်သံတွေကြားနေရပြီ။ အပြန်အလှန်ပစ်ခတ်နေကြတာ။ အဲမှာပဲ မသွားရဲတော့လို့ ပြန်ကွေ့ပြီး မန္တလေးကို ပြန်တက်ခဲ့ရတယ်။ အရှေ့မှာလည်း ကားတွေက စီလို့၊ တိုက်ပွဲအပြီးစောင့်နေကြတာ။ ကျနော်ကတော့ အခုထိ မန္တလေးမှာပဲ” လို့ ပြောပါတယ်။
မုံရွာကနေ မန္တလေး၊ ပြင်ဦးလွင်ကို ကျောင်းသွားတက်ပြီး သီတင်းကျွတ်ကျောင်းပိတ်ရက် မုံရွာကိုပြန်လာတဲ့ ကျောင်းသူ၊ ကျောင်းသားတွေလည်း နိုဝင်ဘာ ၅ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် နိုဝင်ဘာ ၄ ရက်နေ့မှာ ပြန်သွားဖို့ စီစဉ်ထားပေမယ့် လမ်းတွေထားတဲ့အတွက်ကြောင့် ကျောင်းတွေဆီကို ခွင့်တိုင် ထားရတယ်လို့ သိရပါတယ်။
စာပန်းအိမ်မှာ တက်နေတဲ့ ကျောင်းသူတယောက်က “သမီးတို့ ဒီနေ့မနက် ၈ နာရီမှာပဲ အိမ်ကကားနဲ့ မုံရွာကနေ ပြင်ဦးလွင်သွားဖို့ ထွက်ခဲ့တယ်။ မုံရွာမြို့ ဘိုးဘွားရိပ်သာနားက စစ်ကောင်စီတွေက ‘တိုက်ပွဲတွေဖြစ်နေတာ မသိတာလား၊ အခုသွားရင်သေမှာ၊ သွားချင်သွား’ လို့ ပြောလိုက်လို့ မသွားရဲတော့ဘဲ အထုပ်တွေနဲ့မုံရွာကိုပဲ ပြန်လာခဲ့ရတယ်။ ကျောင်းကိုတော့ ဖုန်းဆက်ပြီး အခြေအနေတွေကိုတင်ပြပြီး ခွင့်တိုင်ထားရတယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့အတွက် မအူ၊ ကြားပိုင်၊ ခင်မွန်၊ ချောင်းဦးစတဲ့ ကျေးရွာတွေက အရပ်သားပြည်သူတွေ ဘေးလွတ်ရာ တောတွေထဲဆီကို စစ်ရှောင်နေရတယ်လို့ မအူရွာခံတွေ ဆီကနေ သိရပါတယ်။
လမ်းပိတ်ထားတာကြောင့် အရေးပေါ် လူနာတွေကို မုံရွာကနေ မန္တလေးကို ပို့ဆောင်ပေးမယ့် နာရေးလူမှုကူညီရေးအသင်းတွေလည်း မပို့ဆောင်ဘဲ နေရတယ်လို့ သိရပါတယ်။