
ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့ကြတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ စပိန်အမျိုးသမီး ကွင်းလယ်လူ အိုက်တာနာဘွန်မာတီတို့ဟာ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရရှိဖို့အတွက် ရေပန်းစားနေပါတယ်။
လာမယ့် အောက်တိုဘာ ၃၀ ရက် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်ပေးသွားမယ့် ဒီဆုကို မက်ဆီ အနေနဲ့ ၈ ကြိမ်မြောက် အရယူနိုင်ဖို့ရာ သေချာသလောက် ရှိနေပြီလို့ သတင်းပေါက်ကြား နေပါတယ်။
လွန်ခဲ့တဲ့ ဒီဇင်ဘာလက ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်လာအာင် မက်ဆီအနေနဲ့ ဦးဆောင်ပေးနိုင်ခဲ့ပြီး ဒါဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း နိုင်ငံအသင်းအတွက် ပထမဆုံးသော အောင်မြင်မှုလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဘလွန်းဒီအော ၇ ဆုအထိ ပိုင်ဆိုင်ထားတဲ့ မက်ဆီဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအတွက် ကစားပေးနေတာ ဖြစ်ပါတယ်။
မန်ချက်စတာ စီးတီးအသင်းကို အဓိကဆုဖလား ၃ လုံးရရှိအောင် ကူညီပံ့ပိုးနိုင်ခဲ့တဲ့ အာလင် ဟာလန်း ကလည်း ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေနဲ့ အတူ ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ဘလွန်းဒီအော ၅ ဆုရှင် ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုကတော့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆန်ကာတင်စာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
၂ နှစ်ဆက်တိုက် အမျိုးသမီးဘလွန်းဒီအော ဆုရရှိခဲ့တဲ့ ဘာစီလိုနာကွင်းလယ်လူ အလက်စီယာ ပူတဲလ်လက်စ်ကိုလည်း ဆန်ကာတင်စာရင်းမှာ ထည့်သွင်းဖော်ပြ ထားခြင်း မရှိပါဘူး။
ချဲယ်ဆီးအမျိုးသမီးအသင်းရဲ့ ဆမ်ကားနဲ့ မစ်လီဘရိုက်တို့ကတော့ ဆန်ကာတင် အယောက် ၃၀ စာရင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လက စပိန်အမျိုးသမီးအသင်းကို ကမ္ဘာ့ဖလားရရှိအောင် ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဘွန်မာတီကလည်း ဘလွန်းဒီအောဆု အရယူနိုင်ဖို့ရာ အခြေအနေ ကောင်းနေတယ်လို့ ခန့်မှန်း နေကြပါတယ်။
Photo - Reuters