Home
အနုပညာ
မြန်မာသံစဉ်အဆိုတော် ညီညီဘိုကြီး ကွယ်လွန်
DVB
·
October 26, 2023
Myanmar Songs Singer NyiNyiBoGyi

မြန်မာနိုင်ငံရဲ့ ဂန္ထဝင်တေးဂီတလောကမှာ လူသိများတဲ့ မြန်မာသံစဉ်အဆိုတော် တေးသံရှင် ညီညီဘိုကြီးဟာ အောက်တိုဘာ ၂၆ ရက် မနက် ၇ နာရီခန့်က ကွယ်လွန်သွားပါတယ်။

တေးသံရှင် ညီညီဘိုကြီး (ခ) ကိုညီညီအောင်ဟာ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်ရှိပြီဖြစ်ကာ ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပြီး စိတ်ထားကောင်းသူဖြစ်တယ်လို့ မန္တလေးအဆိုရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

“သူက စိတ်ထားဖြူစင်ပြီး တော်တော်သဘောထားကောင်းသူ ဖြစ်ပါတယ်။ ဘယ်သူနဲ့မှလည်း ရန်မဖြစ်တတ်ဘူး။ အေးအေးဆေးဆေးနေရတာ သဘောကျသူပါ။ သူက အမေကို လုပ်ကျွေးနေတဲ့ လူပျိုကြီး၊ ကွယ်လွန်တာက မနက်က အိပ်ရာနိုးတော့ မောတယ် မောတယ်လို့ ပြောတယ်။ ပြီးတော့ အိမ်သာထိုင်တယ်။ မောတာမရပ်တော့ဘဲ လဲကျသွားတာ အသက်ပါသွားတာပါပဲ။ ဒီလို အနုပညာမောင်တယောက် ဆုံးရှုံးရတာ တော်တော်ဝမ်းနည်းရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တေးသံရှင် ညီညီဘိုကြီး ကွယ်လွန်ချိန်မှာ မိခင်ဖြစ်သူနဲ့ ညီဖြစ်သူမိသားစု ကျန်ရစ်ခဲ့ပြီး အောက်တိုဘာ ၂၇ ရက်နေ့မှာ အေးရိပ်ငြိမ်(ကြာနီကန်)သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်သွားမယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တေးသံရှင် ညီညီဘိုကြီးကို ၁၉၆၅ ခုနှစ်မှာ အဖ ဦးဘိုကြီးနဲ့ အမိ ဒေါ်ကြည်လေးတို့က မွေးဖွားခဲ့ပြီး မြန်မာသံစဉ် တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး သူဆိုခဲ့တဲ့ သီချင်းတွေထဲမှာ အေးသိန်းဝါဒ၊ တောင်သူ့နွား၊ မတထောင်တကောင်ဘွား၊ ပိတောက်ပွင့်ချိန်ဆုံကြမယ် တို့မှာ ထင်ရှားခဲ့ပြီး NLD ကိုမဲပေးပါ၊ လာအတူသွားကြမယ် စတဲ့ NLD အောင်နိုင်ရေး သီချင်းတွေကို ဆိုခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကလည်း မန္တလေးမြို့ရဲ့ ထင်ရှားတဲ့ မြန်မာသံစဥ်အဆိုတော် တေးသံရှင် ဝင်းဝင်းအောင်(မြို့မ) ကွယ်လွန်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024