
ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီခရိုင် ရွာအမှတ် ၈ နွန်ဖုန်ဒေသမှာ မြန်မာနိုင်ငံသားအချင်းချင်း အောက်တိုဘာ ၂၄ ရက် ညပိုင်းက အရက်သောက်ပြီး စကားများ ရန်ဖြစ်တာကြောင့် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန Nation TV မှာ ဖော်ပြပါတယ်။
ပရာချင်ဘူရီခရိုင် ရာဖာဘိုင်ရဲစခန်းကို အောက်တိုဘာ ၂၄ ရက် ည ၁၀ နာရီခွဲက မြန်မာနိုင်ငံသားတွေနေတဲ့ နှစ်ထပ်တိုက်မှာ လူသတ်မှုဖြစ်ပွားတယ်ဆိုတဲ့ သတင်းပေးပို့မှုကြောင့် ရဲမှူး ဆူးဝက်ဆူဂျာရင် ဦးဆောင်တဲ့အဖွဲ့ဟာ သွားရောက် စစ်ဆေးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိချိန်မှာ အသက် ၂၄ နှစ်အရွယ် ရဲလှိုင်ဝင်းနဲ့ အသက် ၂၂ နှစ်အရွယ် သိန်းနိုင်စိုးသူမှာ လဲကျသေဆုံးနေပြီး တခြားမြန်မာနိုင်ငံသားနှစ်ဦးလည်း ဒဏ်ရာတွေနဲ့ လဲကျနေတာ တွေ့ရှိခဲ့တယ်လို့ ရဲမှူး ဝက်ဆူဂျာရင်က ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာမှာ ဘီယာပုလင်းတွေ ပြန့်ကြဲနေပြီး လူသတ်မှု ကျူးလွန်ခဲ့တဲ့ ကျော်ဇင်ဦး ဆိုသူမှာလည်း ဟွန်ဒါစူပါကပ်နဲ့ ရိုဂျာစက်မှုဇုန်ဘက် ထွက်ပြေးသွားတဲ့အတွက် တာဝန်ရှိသူတွေ လိုက်ပြီး ဖမ်းဆီးခဲ့ရပါတယ်။
မြန်မာနိုင်ငံသား ၂၀၀ ကျော် နေထိုင်တဲ့ နေရာမှာ မြန်မာနိုင်ငံသားအချင်းချင်း ညတိုင်း အရက်ဝိုင်းထောင်လေ့ရှိပြီး သေဆုံးသွားတဲ့နှစ်ယောက်နဲ့ ပြစ်မှုကျူးလွန်သူတွေဟာ အရက်သောက်နေရင်း စကားများတာကြောင့် ခွဲပေးပြီး ကိုယ့်အခန်းထဲကိုယ် ဝင်ခဲ့ပေမဲ့ အပြင်ဘက်မှာ နောက်တကြိမ် အသံတွေကြားလို့ သွားရောက်ကြည့်ခဲ့ရာ ကျော်ဇင်ဦးလက်မှာ သွေးရဲနေတဲ့ဓား ကိုင်ထားပြီး တခြား မြန်မာ ၄ ယောက် သွေးအိုင်ထဲမှာ လဲနေတယ်လို့ အနီးနားမှာရှိတဲ့ မျက်မြင်သက်သေတွေ ပြောကြားချက်အရ သိရပါတယ်။
လူသတ်မှု ကျူးလွန်ခဲ့တဲ့ ကျော်ဇင်ဦးက အရက်ဝိုင်းမှာ စကားများ ရန်ဖြစ်ပြီးတဲ့နောက် သူ့အခန်းထဲမှာ အရက်ပြန်လာသောက်စဉ် အရက်ဝိုင်းမှာ စကားများတဲ့သူတွေ ပြန်ပါလာပြီး ဆက်သောက်နေတဲ့အချိန်မှာ ထပ်မံစကားများပြီး ထိုးကြိတ်မှုတွေ ဖြစ်ပွားရာက စိတ်မထိန်းနိုင်ဘဲ ဓားနဲ့ခုတ်သတ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှာ ဝန်ခံခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ ၂ ဦးနဲ့ ဒဏ်ရာရရှိသူ ၂ ဦးကို ဆေးရုံပို့ဆောင်ပေးခဲ့ပြီး လူသတ်မှု ကျူးလွန်ခဲ့တဲ့ ကျော်ဇင်ဦးကိုတော့ သက်သေခံဓားနဲ့အတူ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။
Source/Photo-Nation TV