Home
အနုပညာ
မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီက “သွေးစွန်းငွေ” တော်လှန်ရေး ဗီဒီယို ရိုက်ကူး
DVB
·
October 23, 2023

တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိတွေ ဆက်လက်ရှင်သန်စေဖို့အတွက် “သွေးစွန်းငွေ” အမည်ရ တော်လှန်ရေး ဗီဒီယိုဇာတ်လမ်းတပုဒ်ကို မုံရွာ - အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီက ရိုက်ကူး တင်ဆက်ခဲ့ပါတယ်။

မုံရွာ - အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ တာဝန်ရှိသူ အော်စကာက “ရိုက်ကူးဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ အဓိကက စစ်တပ်ထုတ်ကုန် မသုံးစွဲကြဖို့ပေါ့။ ပြီးတော့ လက်ရှိ ဖြစ်ပျက်နေတဲ့ စစ်ကိုင်းတိုင်း အညာဒေသရဲ့ လူနေမှုအခက်အခဲတွေ၊ စစ်တပ်ရဲ့ ယုတ်မာ ရက်စက်မှုတွေကို ကမ္ဘာက သိအောင်ရယ်...၊ စစ်တပ်အာဏာသိမ်းမှုအောက်မှာ ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူးလို့ တွေးနေကြတဲ့လူတွေကို အသိပညာပေးလိုက်ခြင်း ဖြစ်ပါတယ်ဗျ။ စစ်တပ်က တော်လှန်ရေးလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ သူတို့အာဏာတည်မြဲဖို့ ဘယ်လို ပြည်သူတွေကိုမဆို ရက်ရက်စက်စက် သတ်ဖြတ်နေတာကို ပေါ်လွင်စေချင်လို့ပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

“သွေးစွန်းငွေ” ဇာတ်လမ်းကို ရိုက်ကူးရာမှာ ဇာတ်ညွှန်းရေးတာက စလို့ ရိုက်ကူးရေးအဆုံး မပြည့်စုံမှုတွေ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။

ဒါရိုက်တာ အော်စကာ “အခက်အခဲတွေကတော့ တော်တော်လေး ခက်ခဲတယ်ဗျ။ ကျနော်တို့က အနုပညာရှင်တွေ မဟုတ်ကြတာရော၊ ပြီးတော့ ရိုက်ကူးတာကလည်း ဖုန်းလေးနဲ့ဆိုတော့ မပြည့်စုံတဲ့ကြားကနေ ဖန်တီးထားတဲ့ ဗီဒီယိုလေးဖြစ်တာကြောင့် အတော်လေးကို ခက်ခဲပါတယ်။ လိုအပ်ချက်တွေလည်း ရှိတာပေါ့ဗျာ” လို့ပြောပါတယ်။

အရိုးသားဆုံးဝန်ခံရရင် “One plus” ဖုန်းလေးတလုံး၊ Stick လေးတချောင်း၊ Power Bank လေးတလုံးနဲ့ မီးလုံးလေး တခုနဲ့သာ ကြိုးစားပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတပုဒ် ဖြစ်တယ်လို့လည်း မုံရွာ - အမြင့်လမ်း သပိတ်အဖွဲ့က ဆိုပါတယ်။

“တော်လှန်လိုစိတ်တခုတည်းနဲ့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေး ဖြစ်တဲ့အတွက်ကြောင့် အမှားအယွင်းတွေ၊ အဆင်မပြေမှုတွေ လိုအပ်ချက်တွေ ရှိခဲ့ရင်လည်း မြေပြင်က သပိတ်ရဲဘော်လေးတွေရဲ့ ကြိုးစားဖန်တီးမှုလေးတွေဆိုတဲ့ စိတ်နဲ့ နားလည်ပေးရင်း ချစ်တဲ့ စိတ်လေးနဲ့သာ ကြည့်ရှုခံစားပေးကြဖို့၊ ဒီဇာတ်လမ်းလေးကို ကြည့်ရှုရင်းနဲ့ စစ်တပ် ထုတ်ကုန်တွေကို မသုံးစွဲကြတော့ဘူး၊ တော်လှန်ရေးမှာ တတ်နိုင်တဲ့အားနဲ့ ပါဝင်​ကြရမယ် ဆိုတဲ့ ခံစားမှုလေးတွေ ရရင်ကို ကျနော်တို့ အပင်ပန်းခံရကျိုး ဖန်တီးရကျိုး နပ်ပါပြီ” လို့ မုံရွာ - အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024