ကရင်နီ(ကယား)ပြည်က တိုက်ပွဲတခုမှာ ရိုက်ကူးခဲ့တဲ့ အီတလီ ဓာတ်ပုံနဲ့ အလွတ်တန်း ဓာတ်ပုံသတင်းထောက် Siegfried Modola ဟာ စစ်ပွဲသတင်းဓာတ်ပုံဆု Bayeux Award ကို ရသွားပါတယ်။
သူဟာ ကရင်နီ(ကယား)ပြည်မှာ ဒေါ်ညေးခူးကျေးရွာမှာ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၆ ရက်နေ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတုန်း မော်တာကျည်ဆန် ကျရောက်ပေါက်ကွဲလို့ ကရင်နီစစ်သားတွေ ရေဆင်းမြောင်းထဲမှာ ခိုလှုံနေကြတဲ့ပုံနဲ့ ဆုရသွားတာပါ။
အကြိမ် ၃၀ မြောက် Bayeux Calvados-Normandy ဆုတွေကို အောက်တိုဘာ ၁၃ နဲ့ ၁၄ ရက်တို့က ပြင်သစ်နိုင်ငံ၊ Bayeux(ဘေယေး)မြို့မှာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ ၂ နှစ်ကြာပြီဖြစ်ပြီး နိုင်ငံရဲ့စစ်တပ်ဟာ လူထုအုံကြွတာကို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လူအများအပြားကို ထိခိုက်စေနေတယ်လို့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ရှင်းလင်းချက်မှာ ဖော်ပြထား ပါတယ်။
ပြီးတော့ အဲဒီ ဧပြီလထဲမှာပဲ စစ်တပ်က လေကြောင်းကနေတိုက်ခိုက်လို့ ကလေးတွေ အပါအဝင် ၁၆၈ ယောက်သေဆုံးခဲ့ပြီး မနှစ်ကလည်း စစ်တပ်က (ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာက) ကျောင်းတကျောင်းကို တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့လိနု့ ကလေးအများအပြား သေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် (ကချင်ပြည်နယ်က) ဖျော်ဖြေပွဲတခုကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ လူ ၅၀ လောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အီတလီ-အင်္ဂလိပ်လူမျိုး ဓာတ်ပုံဆရာ Siegfried Modola ဟာ ပဲရစ်မြို့မှာနေထိုင်ပြီး လူမှုဘဝနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဓာတ်ပုံတွေကို ရိုက်ကူးလေ့ရှိပါတယ်။