Home
မြန်မာသတင်း
ဖမ်းဆီးမှုများရှိနေသည့်ကြားက အွန်လိုင်းငွေလိမ်လုပ်ငန်းများ ဆက်လက်ကြီးထွားနေ
DVB
·
October 16, 2023

တရုတ်အာဏာပိုင်တွေက အဖမ်းအဆီးတွေ တင်းကျပ်ပြုလုပ်နေပေမဲ့ နယ်စပ်ဒေသတွေမှာ ကျားဖျန့် (လို့ခေါ်တဲ့) အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေက ဆက်လက်ကြီးထွားနေတုန်းပဲလို့ လေ့လာသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကျားဖျန့် (လို့ခေါ်တဲ့) အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် ဒေါ်လာဘီလီယံနဲ့ချီ နစ်နာနေတာကြောင့် တရုတ်ဘက်က အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး  ဖမ်းဆီးမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်လာပါတယ်။

ဒါနဲ့ဆက်စပ်ပြီး ဆက်သွယ်ရေးနဲ့ ဆိုက်ဘာလိမ်လည်မှုလို့ သံသယရှိသူ ၂,၃၁၇ ယောက်ကို မြန်မာနိုင်ငံမြောက်ပိုင်းကနေ လွှဲပြောင်းလာတယ်လို့ အောက်တိုဘာလထဲမှာပဲ တရုတ်ဘက်က ထုတ်ပြန်ပါတယ်။

အဓိကအနေနဲ့  နယ်စပ်ဒေသတွေမှာအခြေစိုက်တဲ့ ဒီလုပ်ငန်းတွေဟာ အွန်လိုင်းလောင်းကစား၊ လူကုန်ကူးမှုတွေ အပါအဝင် အွန်လိုင်းရင်းနှီးမြှုပ်နှံမှုအတု၊ အွန်လိုင်းချေးငွေအတု စတဲ့ မျိုးစုံရှိပြီး ဒီလို ဖမ်းဆီးမှုတွေ လုပ်နေချိန်မှာတော့ လိမ်မှုတွေ လျော့ကျလာတယ်လို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

ဒါပေမဲ့ ကျားဖျန့် (လို့ခေါ်တဲ့) အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေဟာ အဖမ်းအဆီးရှိနေတုန်း ခဏရှောင်နေကြပြီးတော့ ပြန်လည်လုပ်ကိုင်နေသူတွေ အများအပြားရှိနေတယ်လို့ လောက်ကိုင် ဒေသခံက ပြောပြပါတယ်။

လောက်ကိုင်ဒေသခံတဦးက “ဖမ်းတယ်ဆိုတာက သူတို့အထက်အမိန့်အရကျလာလို့ ဖမ်းတဲ့ပုံစံ အယောင်ပြလိုက်တာပါ။ တကယ်တမ်း ဖမ်းပြီးသွားတော့ အခုပြန်လုပ်နေကြတာ အများကြီးရှိပါတယ်။ ဖမ်းတာကတော့ သူ့နိုင်ငံသားပဲ သူ ဖမ်းသွားတာဗျ။ ကျနော်တို့ နိုင်ငံသားတွေ သူတို့ဆီမှာ အလုပ်လုပ်တဲ့သူတွေဆိုရင် ဒဏ်ငွေရိုက်တယ် (သို့) အဖမ်းပြတယ်ပေါ့နော်။ ပြန်ပြီးလွှတ်ပေးတာ များတယ်။ အခု ပြန်လွှတ်လာတာတွေ အများကြီး ရှိတယ်ပေါ့နော်။ တချို့ကျတော့ ခဏပေါ့၊ ရှောင်နေတဲ့သဘောနဲ့ မန္တလေးမှာ ပြန်ဆင်းလာတဲ့ အလုပ်သမားတွေဆို အများကြီးရှိတယ်ပေါ့နော်။ ကျနော့် အသိတွေလည်း အဲဒီထဲမှာ အများကြီးပါတာပေါ့ ”လို့ ပြောပါတယ်။

လောက်ကိုင်မြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းကို တရုတ်နိုင်ငံသားတွေ ဦးဆောင်ပြီး တရားဝင်လုပ်ငန်းလိုမျိုး ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြတာလို့ ဒေသခံက ပြောပြပါတယ်။

မြန်မာ အပါအဝင်၊ လာအို၊ ကမ္ဘာဒီးယား၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံသားတွေပါ ခိုင်းစေခံနေရပြီး သူတို့ဟာ ကင်မရာမပါတဲ့ ဖုန်းတွေကိုပဲ အသုံးပြုရတဲ့အပြင် မှတ်ပုံတင်တွေ၊ နိုင်ငံကူးလက်မှတ်လည်း သိမ်းဆည်းခံထားရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စရပ်တွေနဲ့ပတ်သက်လို့ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတစ်ယောက်ဆီကို ဒီဗွီဘီက ဆက်သွယ်တဲ့အခါမှာတော့ ငွေလိမ်လုပ်ငန်းလုပ်နေတာ မဟုတ်ဘူးလို့ပြောပြီး ဖြေဆိုဖို့ ငြင်းပါတယ်။

ဒါပေမဲ့ ကမ္ဘာဒီးယားနယ်စပ်မှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးတဲ့ ထိုင်းလူမျိုးတစ်ယောက်ရဲ့ မိတ်ဆွေကတော့ သူ့သူငယ်ချင်းအပါအဝင် အလုပ်သမား ၅၀ လောက်ကို လောက်ကိုင်ဘက်မှာ ပိတ်လှောင်ထားပြီးတဲ့နောက် အဆက်အသွယ်ပြတ်တောက်နေတာ ၁ လကျော်ကြာပြီလို့ ဖွင့်ဟလာပါတယ်။

“သူတို့ မန်နေဂျာ ပြောတယ်။ အလုပ်နေရာပြောင်းမလို့တဲ့ သူတို့ ပြန်မေးတယ်။ ဘယ်နေရာလည်း သူ မသိဘူး။ သူ့မန်နေဂျာလည်း မပြောပြဘူး။ နောက်တော့ သူတို့တွေ ကားထဲမှာစီးပြီးတော့ တခါတည်း လောက်ကိုင်၊ တရုတ်နယ်စပ်မှာ ရောက်ပြီးတော့ သူတို့လည်း ဘာမှမသိသေးဘူး။ အခန်းချုပ်ထဲမှာပဲ သူတို့ ပေးနေတယ်။ အပြင်သွားလည်း မပေးဘူး ”

ကျားဖြန့်လုပ်တဲ့ ထိုင်းအလုပ်သမားက လောက်ကိုင်မှာရှိတဲ့ သူတို့ရဲ့ တည်နေရာကို ပို့လာပေးပြီးတဲ့ နောက်ပိုင်းကစလို့ အခုချိန်ထိ အဆက်အသွယ်မရရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းချေးငွေလုပ်ငန်းအတုဆီမှာ လိမ်လည်ခံရတဲ့ ရန်ကုန်မြို့က ကျောင်းသူ တစ်ယောက်ကလည်း သူ့အတွေ့အကြုံကို ပြောပြပါတယ်။

သူ့အနေနဲ့ မုန့်ဖိုးမလောက်တာကြောင့်အပြင် ချေးငွေ ကျပ် ၅၀,၀၀၀ ကို ၃ လအထိ ခွဲပြီး ပြန်ဆပ်လို့ရတယ်လို့ ဆွယ်တာကြောင့်  ချေးငွေအပလီကေးရှင်းတစ်ခုကို ဒေါင်းလော့ဆွဲပြီး  မှတ်ပုံတင်နဲ့ ဓာတ်ပုံအပါအဝင်  အချက်အလက်တွေ ဖြည့်ပေးလိုက်ပါတယ်။

ကျောင်းသူတဦးက “ညီမရဲ့ဖုန်းနံပါတ်မှာ အီးမေးလ် အချက်အလက်တွေရော အကုန်ဖြည့်ပြီးရော သူတို့ဆီမှာကကျတော့ ကျမဖုန်းထဲမှာရှိတဲ့ Contents ပေါင်း ၄၀ ကျော်ကို အကုန်လုံးက သူတို့ဆီမှာသွားပြီးပေါ်နေတာပေါ့နော်။ အဲဒီလိုမျိုး သူတို့ဖုန်းထဲကို ကျမဖုန်းထဲက အချက်အလက်တွေရအောင် ဘယ်လိုလုပ်ထားလဲတော့ မသိဘူးပေါ့နော်။ အဲဒီလိုမျိုး ပေါ်နေတာမျိုးမှာ ပိုက်ဆံချေးမယ်ဆိုတာကို နှိပ်ပြီးတော့မှ သိလိုက်တာက ပိုက်ဆံက ၅၀,၀၀၀ ထုတ်လို့ရတယ်ပေါ့နော်။ ၅၀,၀၀၀ ထုတ်လို့ရတယ်ဆိုပေမယ့် ညီမက ၅၀,၀၀၀ အပြည့်မရဘူး။ ၂၉,၀၀၀ ပဲရတယ်။ ဒါပေမဲ့ ပြန်ဆပ်ရင် ၅၀,၀၀၀ ပြန်ဆပ်ရမှာ”လို့ ပြောပါတယ်။

ဒါကြောင့် ချေးငွေ ကျပ် ၅၀,၀၀၀ ကို သူတို့ပြောတဲ့အတိုင်း ပြန်ဆပ်ပြီးချိန်မှာ ချေးငွေကုမ္ပဏီက ဖုန်းထပ်ဆက်လာပြီး ငွေပြန်မဆပ်ရသေးဘူးလို့ဆိုကာ နောက်ထပ် ၅၀,၀၀၀ ကျပ် ထပ်တောင်းတယ်လို့ ဆိုပါတယ်။

ငွေချေးသူဘက်က ပေးပြီးကြောင်း ပြောတဲ့အခါမှာ လက်မခံဘဲ ဖုန်းထဲကနေ ရထားတဲ့ အချက်အလက်တွေသုံးပြီး မိဘတွေနဲ့ အသိမိတ်ဆွေတချို့ဆီအထိဖုန်းဆက်ကာ ခြိမ်းခြောက် ငွေတောင်းတာတွေ ကြုံခဲ့ရတယ်လို့ မစုစုက ပြောပြပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတွေဟာ အဓိကအားဖြင့် နယ်စပ်ဒေသတွေအပြင် “ဝ” ဒေသ၊ မိုင်းလားဒေသအပြင် ရွှေကုက္ကိုလ်လို နေရာမျိုးတွေမှာ အခြေစိုက်ပြီး စစ်ကောင်စီ လက်အောက်ခံတွေ အပါအဝင် လက်နက်ကိုင်တချို့ရဲ့ အကာအကွယ်နဲ့ လုပ်ကိုင်နေကြတာလို့ ဒေသခံတွေက ဆိုပါတယ်။

တဆက်တည်းမှာပဲ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်လို့ဆိုပြီး ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်းနဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့တို့ကို အောက်တိုဘာ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်လိုက်ပြန်ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဒီဗွီဘီက “ဝ” တပ်ဖွဲ့ပြောခွင့်ရသူ ဦးညီရန်းဆီ ဆက်သွယ်ရာမှာတော့ အသေးစိတ် မသိရသေးလို့ အထက်ကို မေးထားတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ နယ်စပ်ဖြတ် မှုခင်းတွေကို တားဆီးဖို့အတွက် အပူတပြင်း ကြိုးစားနေပြီး ဒီကိစ္စတွေကို ကိုင်တွယ်ဖို့ ယူနန်ပြည်နယ်ထဲမှာ အထူးဇုန်တစ်ခု ထားရှိမယ်လို့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ဘက်က သူ့ပြည်သူတွေကို ပညာပေးတာအပြင် နည်းမျိုးစုံနဲ့ ကိုင်တွယ်ပေမဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပျောက်ကွယ်သွားဖို့ဆိုတာ လွယ်မှာတော့မဟုတ်ဘူးလို့ တရုတ်-မြန်မာ အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကလည်း သုံးသပ်ပါတယ်။

“သူတို့ဘက်ကတော့ တကယ့်ကို သဲကြီးမဲကြီး လုပ်နေတာပဲလေ။ ဒီဘက်က ဘယ်လောက် လိုက်လျောမယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျင့်ပျက်တဲ့ အမှုထမ်းတွေလည်း နယ်အသီးသီးမှာ ရှိတာကိုး။ သိပ်တော့ မလွယ်လှဘူးပေါ့။ ဒါကြောင့်မို့လို့ နှစ်ကို ဆယ်နဲ့ချီနေပြီ တရုတ်လည်း လုပ်တော့လုပ်နေတာပဲ မအောင်မြင်နိုင်တာပေါ့။”

တရုတ်က မြန်မာတင်မကပါဘူး လာအို၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံတွေအထိ ပူတွဲစစ်ဆင်ရေးတွေ လုပ်နေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီအွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက အကာအကွယ်ပေးနေတယ် ဆိုတာနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်း အရေးတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူဆီ မေးမြန်းဖို့ ကြိုးပမ်းပေမယ့် အဆက်အသွယ်မရသေးပါဘူး။

စစ်ခေါင်းဆောင်ကတော့ တရုတ်-မြန်မာနယ်စပ်ဒေသမှာ အခြေစိုက်ပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်တွေကို လက်သင့်မခံဘူးလို့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်ကို လာရောက်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံတုန်းမှာ ပြောထားပါတယ်။ 

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024