Home
မြန်မာသတင်း
ရသေ့တောင်တွင် ကျောင်းဆရာမ ၁ ဦး မုဒိမ်းကျင့်၊ လည်လှီးသတ်ခံရ
DVB
·
September 16, 2023

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာက ဒု အလယ်တန်းပြ ကျောင်းဆရာမတယောက် ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပန်းဖော်ပြင်ကျေးရွာလူကြီးတယောက်က “သူက ပန်းဖော်ပြင်ရွာက အလယ်တန်း ကျောင်းကို ဒီနေ့မနက် ၉ နာရီလောက်မှာ ကျောင်းသွားတက်တာ။ မနက် ၁၀ နာရီခွဲမှာ အဝတ်ဗလာနဲ့ လည်လှီးသတ်ထားတဲ့ သူ့ရဲ့အလောင်းကို တွေ့ခဲ့ကြရတာ။ တွေ့ရတဲ့ ပုံပန်းသဏ္ဌာန် လက္ခဏာအရ မုဒိမ်းကျင့် ခံရပြီး လည်လှီးအသတ်ခံရတာလို့ ယူဆလို့ရတယ်” လို့ ပြောပါတယ်။

အဲဒီဆရာမဟာ အသက် ၃၇ နှစ်အရွယ်ဖြစ်ပြီး သူနေထိုင်ရာ ကျွန်းပေါ်ပေါက်တော ကျေးရွာကနေ တာဝန်ကျရာ ပေါက်ဖော်ပြင်ရွာကို သွားနေတုန်း အခုလို ဖြစ်ခဲ့တာပါ။

ကျွန်းပေါ်ပေါက်တောရွာလူကြီးတယောက်ကလည်း "ဒီဖြစ်စဥ်က လူတယောက်တည်း မဖြစ်နိုင်ဘူးဗျ။ အနည်းဆုံး ၂ ယောက်ဖြစ်ရမယ်။ လူတယောက်ကို လည်လှီးသတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ မုဒိမ်းကျင့်တဲ့လူတွေကို ဆရာမက သိနေတော့ အသေသတ်လိုက်ကြတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

သေဆုံးသူဆရာမရဲ့ နားကပ်၊ လက်စွပ်နဲ့ ဖုန်းအပါအဝင် လက်ကိုင်အိတ်ကတော့ နေရာမှာပဲ ကျန်ရှိနေတယ်လို့‌ေ ဒေသခံတွေက ပြောပါတယ်။

အိမ်ထောင်စု ၁၃၀ လောက်စီရှိကြတဲ့ ကျွန်းပေါ်ပေါက်တောကျေးရွာနဲ့ ပန်းဖော်ပြင် ကျေးရွာဟာ ၂ မိုင်လောက် ဝေးကွာပြီး ရက္ခိုင်တပ်တော် အေအေက ထိန်းချုပ်ထားတဲ့ ရခိုင် ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အမှုဖြစ်ပွားရာကို ရက္ခိုင်တပ်တော်အရာရှိတွေ လာရောက် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024